အောင်ဆန်းအက်တလီစာချုပ်

အောင်ဆန်း-အက်တလီ စာချုပ်သည် တစ်နှစ်အတွင်း မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန် မြန်မာအမျိုးသားခေါင်းဆောင်များနှင့် ဗြိတိသျှအစိုးရတို့၏ သဘောတူညီချက်များ ပါသည့် စာချုပ် ဖြစ်သည်။ ဗြိတိသျှ အစိုးရနှင့် မြန်မာခေါင်းဆောင်များ မြန်မာ့လွတ်လပ်ရေးအတွက် ပထမဆုံးချုပ်ဆိုသည့် စာချုပ်ဟု ဆိုနိုင်သည်။ စာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လန်ဒန်မြို့၊ ဒေါင်းနင်းလမ်း အမှတ် ၁ဝ ၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ စာချုပ်ကို မြန်မာတို့ဘက်မှ ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်၍လည်းကောင်း၊ ဗြိတိသျှ အစိုးရ ဘက်မှ ဗြိတိသျှ ဝန်ကြီးချုပ်ကလီးမင့် ရစ်ချက် အက်တလီ (Clement Attlee) က ခေါင်းဆောင်၍လည်းကောင်း ဆွေးနွေးပြီး သဘောတူလက်မှတ် ထိုးကြသောကြောင့် အောင်ဆန်း - အက်တလီ စာချုပ်ဟု ခေါ်သည်။ စာချုပ်တွင် အချက်ကြီး ၁ဝ ချက် ပါဝင်သည်။
ဤစာချုပ် ချုပ်ဆိုနိုင်ခြင်းအားဖြင့် ဗြိတိသျှအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ စက္ကူဖြူစီမံကိန်း ခေါ် စက္ကူဖြူအုပ်ချုပ်ရေးသည် လုံးဝ ချုပ်ငြိမ်းသွားသည်။ ဤစာချုပ် အရပင် တိုင်းပြု ပြည်ပြု လွှတ်တော် ခေါ်နိုင်၍ အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ထူထောင်ခွင့်ရခဲ့သည်။ ဥပဒေသဘောအရ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်မှ လွတ်လပ်ရေး ရခဲ့သော်လည်း လက်တွေ့သဘောအရ ကြည့်လျှင် ဤစာချုပ်ချုပ်သည့် နေ့မှာပင် လွတ်လပ်ရေးရသည်ဟု ဆိုနိုင်ရာသည်။