ဂျပန်စစ်အုပ်ချုပ်ရေးခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၃ ခုနှစ်)
ဂျပန်စစ်အုပ်ချုပ်ရေးခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၃ ခုနှစ်)
၁၉၄၃ ခုနှစ် ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သောဥပဒေကို ဂျပန်ခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေဟုလည်း ခေါ်ကြသည်။ ယင်းဥပဒေကို ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ (ကောဇာသက္ကရာဇ် ၁၃၀၅ခု၊ ဝါခေါင်လဆန်း ၁ ရက်နေ့)တွင် ပြဋ္ဌာန်းခဲ့သည်။ ဥပဒေသက်တမ်းမှာ ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိဖြစ်သည်။ ယင်းဥပဒေ၌ အခန်း ၁၂ ခန်းနှင့် ပုဒ်မ ၆၄ ခုပါရှိသည်။ အခန်းခေါင်းစဉ်များမှာ နိုင်ငံတော်၊ နိုင်ငံတော် အဓိပတိဝန်ကြီးများအဖွဲ့၊ အတိုင်ပင်ခံလွှတ်တော်၊ ဥပဒေပြုခြင်း၊ ဗမာအမျိုးသားတို့၏ အခြေခံအခွင့်အရေးများ၊ တရားရုံးတော်များ၊ ဘာသာ၊ နိုင်ငံတော်ဝန်ထမ်းများ၊ စာရင်းစစ် နှင့် စာရင်းကိုင်၊ လက်နက်ကိုင်စစ်တပ်များ၊ အုပ်ချုပ်မှုစီမံရေးအဖွဲ့တို့ဖြစ်သည်။ "ဗမာ ဘာသာသည် ဗမာနိုင်ငံတော်သစ်၏ ရုံးသုံးဘာသာစကားဖြစ်ရမည်" ဟူသော ပြဋ္ဌာန်းချက် ပါရှိသည်။
သက္ကရာဇ် ၁၈၈၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် ဗြိတိသျှအင်္ဂလိပ်တို့၏လက်အောက်ခံ ကိုလိုနီနိုင်ငံအဖြစ် နှစ်ပေါင်းများစွာ ကျရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) သည် ဂျပန်စစ်တပ်များနှင့်ပူးပေါင်းကာ အင်္ဂလိပ်အစိုးရအား တော်လှန်တိုက်ထုတ်ပြီးနောက် ဂျပန်တို့သည်မြန်မာနိုင်ငံအား စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၄၂ ခုနှစ် သြဂုတ်လ ၁ ရက်တွင် ဂျပန်စစ်သေနာပတိ ဗိုလ်ချုပ်ကြီး အီဒါးက-
(၁) ဒေါက်တာဘမော် (ဝန်ကြီးချုပ်နှင့်ပြည်ထဲရေးဝန်ကြီး)၊
(၂) သခင်မြို့ (ဌာနလက်ကိုင်မရှိသောဝန်ကြီး)၊
(၃) ဒေါက်တာ သိမ်းမောင် (ဘဏ္ဍာရေးဝန်ကြီး)၊
(၄) ဦးထွန်းအောင် (တရားရေးဌာနဝန်ကြီး)၊
(၅) ဦးဘဝင်း (ပညာရေးနှင့်ကျန်းမာရေးဌာနဝန်ကြီး)၊
(၆) သခင်သန်းထွန်း (မြေနှင့်လယ်ယာစိုက်ပျိုးရေးဝန်ကြီး)၊
(၇) သခင်ထွန်းအုပ် (သစ်တောရေးရာဝန်ကြီး)၊
(၈) ဦးလှဖေ(ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုဌာနဝန်ကြီး)၊
(၉) သခင်ဗစိန် (လမ်းခရီးဆက်သွယ်ရေးနှင့် ဆည်မြောင်းဌာနဝန်ကြီး)
တို့ပါဝင်သော မြန်မာပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ဂျပန်စစ်သေနာပတိနှင့် စစ်အုပ်ချုပ်ရေး အောက်တွင် မြန်မာတို့ ဥပဒေပြုပိုင်ခွင့် မရှိခဲ့ပေ။ ၁၉၄၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဒေါက်တာ ဘမော်၊ သခင်မြ၊ ဒေါက်တာသိမ်းမောင်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ကို ခေါ်ယူကာ ဂျပန်အစိုးရနှင့် ဆွေးနွေးခဲ့ပြီးနောက် ၁၉၄၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်-
(၁) ဒေါက်တာဘမော်၊
(၂) သခင်မြ၊
(၃) ဒေါက်တာသိန်းမောင်၊
(၄) သခင်သန်းထွန်း၊
(၅) သခင်ထွန်းအုပ်၊
(၆) ဦးလှဖေ၊
(၇) ဦးထွန်းအောင်၊
(၈) ဗန္ဓုလဦးစိန်၊
(၉) ဦးဘဝင်း၊
(၁၀) သခင်ဗစိန်၊
(၁၁) ဗိုလ်ချုပ်အောင်ဆန်း၊
(၁၂) ဆာမြဘူး၊
(၁၃) သခင်ကိုယ်တော်မှိုင်း၊
(၁၄) ဦးဆက်၊
(၁၅) ဦးချစ်လှိုင်၊
(၁၆) သခင်နု၊
(၁၇) ဒေါက်တာစံစီဖိုး၊
(၁၈) ဦးအေး၊
(၁၉) ဝတ်လုံ ဦးသိမ်းမောင်၊
(၂၀) ဟင်္သာတဦးမြ၊
(၂၁) ဦးအေးမောင်၊
(၂၂) ဦးထွန်းဖေ၊
(၂၃) ဆာဦးသွင်၊
(၂၄) ဦးကျော်၊
(၂၅) ဦးခင်မောင်ထွေး၊
(၂၆) ဦးကျော်ငြိမ်း (အတွင်းရေးမှူး) တို့ပါဝင်သော ဗမာပြည်လွတ်လပ်ရေးစီစဉ်မှုအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။
အဆိုပါလွတ်လပ်ရေးစီစဉ်မှုအဖွဲ့သည် ဂျပန်အကြံပေးအရာရှိ စစ်ဗိုလ်ချုပ်ကြီး အီဆိုမူယာ၏ လမ်းညွှန်ချက်ဖြင့် ဗမာနိုင်ငံတော်အုပ်ချုပ်ရေးစည်းမျဉ်း ပြုလုပ်သောဥပဒေ (၁၉၄၃ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံဥပဒေ)ကို ၁၉၄၃ ခုနှစ် ဇူလိုင်လလယ်၌ရက်ပိုင်းအနည်းငယ်အတွင်း ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
ဤဖွဲ့စည်းပုံဥပဒေသည် ဂျပန်တို့က မြန်မာနိုင်ငံအား လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ အဖြစ် အသိအမှတ်ပြုခဲ့သည့် ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ရက်နေ့(ကောဇာသက္ကရာဇ် ၁၃၀၅ ခု ဝါခေါင်လဆန်း (၁) ရက်နေ့) တွင် ဥပဒေအမှတ်(၁)ဖြင့် ပြဋ္ဌာန်းခဲ့ရာ ဂျပန်တပ်များသည် ရန်ကုန်မြို့ရှိ ဘုရင်ခံအိမ်တော်၌ ၁၉၄၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် လက်နက်ချကြောင်း တရားဝင် လက်မှတ်ရေးထိုးချိန်အထိ အာဏာသက်ရောက်ခဲ့သည့်အတွက် သက်တမ်း ၂ နှစ်ခန့်သာရှိခဲ့သည်။ ၁၉၄၃ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အခန်း (၁၂)ခန်း၊ ပုဒ်မ (၆၄) ခု ပါဝင်သည့်အတွက် မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေများအနက် ဤဥပဒေသည်အခန်းနှင့် ပုဒ်မ ပြဋ္ဌာန်းချက်များ အနည်းဆုံးလည်း ဖြစ်သည်။