မကွေးတက္ကသိုလ် ဥပဒေပညာဌာနမှ ကျောင်းသားကျောင်းသူများ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ လာရောက်လေ့လာ

နေပြည်တော်၊၂၀၁၉ခုနှစ်၊ သြဂုတ် ၁၅
မကွေးတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာခင်ခင်ဌေး ခေါင်းဆောင်သည့် ဆရာ/ဆရာမ (၁၁) ဦး၊ ကျောင်းသားကျောင်းသူ (၃၈) ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် နေပြည်တော်၊ ရုံးအမှတ် (၅၄) ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ ယနေ့ နံနက် ၁၀ နာရီတွင် လာရောက် လေ့လာကြသည်။
လေ့လာရေးအဖွဲ့အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဒေါ်လှမျိုးနွယ်က ခုံရုံး ရုံးခန်းအမှတ်(၂)တွင် လက်ခံတွေ့ဆုံခဲ့သည်။ ပထမဦးစွာ ခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများအကြောင်း၊ Constitutional Review နှင့် Judicial Review အကြောင်း၊ နိုင်ငံတကာရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးများအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းဝင်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ power point ဖြင့် ရှင်းလင်းခဲ့သည်။ ဆက်လက်၍ ညွှန်ကြားရေးမှူး၊ ဦးညီညီလွင်က ခုံရုံး Website နှင့် Online Law Library အသုံးပြုပုံ အဆင့်ဆင့်ကို ရှင်းလင်းခဲ့သည်။
ထို့နောက် လေ့လာရေးအဖွဲ့မှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများက သိရှိလိုသည် များကို မေးမြန်းခဲ့ရာ ခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်နှင့် ညွှန်ကြားရေးမှူး ဦးမင်းသိမ်း တို့က ပြန်လည်ဖြေကြား ခဲ့သည်။ ဆက်လက်၍ ခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်က မကွေးတက္ကသိုလ် ဥပဒေပညာဌာနမှ ကျောင်းသား ကျောင်းသူများ လေ့လာနိုင်ရန်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ထုတ်ဝေသော စာအုပ်များကို ပါမောက္ခ (ဌာနမှူး) ထံ လက်ဆောင်ပေးအပ်ခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် လေ့လာရေးအဖွဲ့သည် အဖွဲ့ဝင် ဒေါ်လှမျိုးနွယ်နှင့်အတူ စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ခုံရုံးတရားစီရင်ရေး ရုံးခန်းအမှတ် (၁) ကို သွားရောက် လေ့လာခဲ့ကြသည်။