မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့တို့၏ကျူးကျော်မှုကြောင့် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်အာဏာ လုံးဝလက်လွတ် ဆုံးရှုံးခဲ့သည်။ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများကို အသက်ပေါင်း များစွာစတေး၍ ဆင်နွဲခဲ့ကြသောကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံတော်အဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့သည်။
လွတ်လပ်ရေးအမြန်ရရှိရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အလျင်အမြန် ရေးဆွဲကာ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး လွတ်လပ်ရေးရရှိသောအခါ နိုင်ငံတော်တွင် အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ပါလီမန်ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ကျင့်သုံးခဲ့ကြသည်။ သို့ရာတွင် နိုင်ငံတော်၌ ဒီမိုကရေစီစနစ်ကို ပီပြင်စွာ ကျင့်သုံးနိုင်မှုမရှိသဖြင့် ၁၉၇၄ ခုနှစ်တွင် တစ်ပါတီပုံစံကိုအခြေခံလျက် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ကို ရေးဆွဲပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုပြဋ္ဌာန်းကာ ဆိုရှယ်လစ် ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ရပ်ဆိုင်းသွားခဲ့ရသည်။
အနာဂတ်နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီး ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် မရှိမဖြစ်လိုအပ်သည့်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သည် ၁၉၉၃ ခုနှစ်မှစ၍ အမျိုးသားညီလာခံကို ခေါ်ယူကျင်းပခဲ့သည်။ အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာစသည့် ရှုထောင့် မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသည့် ချမှတ်ခဲ့သော နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ်နှင့်အညီ အမျိုးသားညီလာခံကို ၂ဝဝ၄ ခုနှစ်တွင် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ဆက်လက်ကျင်းပခဲ့ရာ ခိုင်မာသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက် ရန်အတွက် အခြေခံရမည့်မူများနှင့် အသေးစိတ်အခြေခံရမည့် မူများကို အနှစ်သာရပြည့်ဝစွာ ချမှတ်နိုင်ခဲ့ကြသဖြင့် ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် အမျိုးသားညီလာခံသည် အောင်မြင်စွာပြီးမြောက်ခဲ့သည်။ ထို့နောက် အမျိုးသားညီလာခံက ချမှတ်ခဲ့ သည့် အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်မူများနှင့်အညီ ဤပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သက္ကရာဇ် ၁၃၇ဝ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၁ဝ ရက် (ခရစ်နှစ် ၂ဝဝ၈ ခုနှစ်၊ မေလ ၂၉ ရက်) နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးဖြင့်အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်စတင်ကျင်းပသည့် ၃၁-၁-၂၀၁၁ ရက်နေ့တွင် စတင်အာဏာတည်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်းပေါင်း ၁၅ ခန်းနှင့် ပုဒ်မပေါင်း ၄၅၇ ခု ပါဝင်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရယူရန်