Main menu

ပုသိမ်တက္ကသိုလ် ဥပဒေပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ လာရောက်လေ့လာ

26-7-2019

ဇူလိုင် ၂၆ နေပြည်တော်

ပုသိမ်တက္ကသိုလ် ဥပဒေပညာဌာနမှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၉၁)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် နေပြည်တော်၊ ရုံးအမှတ်(၅၄)ရှိ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ ယနေ့ နံနက် ၁၀:၀၀ နာရီတွင် လာရောက် လေ့လာကြသည်။

လေ့လာရေးအဖွဲ့အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးခင်မောင်ချို က ခုံရုံး ရုံးခန်းအမှတ်(၂)တွင် လက်ခံတွေ့ဆုံခဲ့သည်။ ပထမဦးစွာ ခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ချိုက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းဝင်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ power point ဖြင့် ရှင်းလင်းခဲ့သည်။ ဆက်လက်၍ သတင်း အချက်အလက် နည်းပညာနှင့်မှတ်တမ်းဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှုး၊ ဦးရဲမျိုးဦးက ခုံရုံး Website နှင့် Online Law Library အသုံးပြုပုံ အဆင့်ဆင့်ကိုရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လေ့လာရေးအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ညွှန်ကြားရေးမှူး ဦးမင်းသိမ်း နှင့် ဦးကျော်ဇေယျတို့က ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ ခုံရုံး အဖွဲ့ဝင် ဦးခင်မောင်ချိုက ပုသိမ်တက္ကသိုလ် ဥပဒေပညာဌာန၊ စာကြည့်တိုက်တွင် ထားရှိရန်အတွက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ထုတ်ဝေသည့် စာအုပ်များကို ပါမောက္ခ ဒေါက်တာ ဒေါ်သိင်္ဂီအေးထံ လက်ဆောင်ပေးအပ်ခဲ့သည်။

ထို့နောက် အဖွဲ့ဝင် ဦးခင်မောင်ချိုက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး လေ့လာရေး အဖွဲ့ဝင်များသည် ခုံရုံးတရားစီရင်ရေး ရုံးခန်းအမှတ်(၁)သို့ သွားရောက်လေ့လာခဲ့ကြသည်။