Main menu

မန္တလေးတက္ကသိုလ် ဥပဒေပညာဌာနမှ ကျောင်းသားကျောင်းသူများ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ လာရောက်လေ့လာ

27-8-2019

နေပြည်တော် ဩဂုတ် ၂၆

မန္တလေးတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာ​သီတာအောင် ခေါင်းဆောင်သည့် ဆရာ/ဆရာမ (၉)ဦး၊ ကျောင်းသားကျောင်းသူ (၁၅၈)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် နေပြည်တော်၊ ရုံးအမှတ်(၅၄)ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ ယနေ့ မွန်းလွဲ ၃ နာရီတွင် လာရောက်လေ့လာကြသည်။

လေ့လာရေးအဖွဲ့အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးတင်မောင်မြင့်က ခုံရုံး ရုံးခန်းအမှတ်(၂)တွင် လက်ခံတွေ့ဆုံခဲ့သည်။ ပထမဦးစွာ ခုံရုံးအဖွဲ့ဝင် ဦးတင်မောင်မြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် တရားစီရင်ရေး ကဏ္ဍတွင် ပါဝင်သော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းလွှာများ တင်သွင်းခြင်းနှင့် တင်သွင်းခွင့်ရှိသူများအကြောင်း စသည်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းဝင်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ power point ဖြင့် ရှင်းလင်းခဲ့သည်။ ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးရဲမျိုးဦးက ခုံရုံး Website နှင့် Online Law Library အသုံးပြုပုံ အဆင့်ဆင့်ကို ရှင်းလင်းခဲ့သည်။

ထို့နောက် လေ့လာရေးအဖွဲ့မှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဦးမင်းသိမ်းနှင့် ဦးကျော်ဇေယျတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ ဆက်လက်၍ ခုံရုံးအဖွဲ့ဝင် ဦးတင်မောင်မြင့်က မန္တလေးတက္ကသိုလ် ဥပဒေပညာဌာနမှ ကျောင်းသားကျောင်းသူများ လေ့လာနိုင်ရန်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှထုတ်ဝေသော စာအုပ် များကို ပါမောက္ခ (ဌာနမှူး) ထံ လက်ဆောင်ပေးအပ်ခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် လေ့လာရေးအဖွဲ့သည် ခုံရုံးတရားစီရင်ရေး ရုံးခန်းအမှတ်(၁) သို့ သွားရောက် လေ့လာခဲ့ကြသည်။