Main menu

e-Court စနစ်ဖြင့် ကြားနာဆုံးဖြတ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သော e-Government ဌာနနှင့် တရားရေးဌာနတို့မှ ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ပွဲ ကျင်းပပြုလုပ်

28-10-2020

အောက်တိုဘာလ (၂၈) ရက်

နေပြည်တော်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းလာသည့် တင်သွင်းလွှာ အမှတ် ၁/၂၀၂၀ ကို e-Court စနစ်ဖြင့် ကြားနာဆုံးဖြတ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သော e-Government ဌာနနှင့် တရားရေးဌာနတို့မှ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် ချီးမြှင့်ပွဲအခမ်းအနားကို ၂၈-၁၀-၂၀၂၀ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် ရုံးအမှတ်(၅၄)၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။

ရှေးဉီးစွာ ခုံရုံးဥက္ကဋ္ဌက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ခုံရုံးသို့ တင်သွင်းလွှာအမှတ် ၁/၂၀၂၀ တင်သွင်းလာသည့်အချိန်သည် Covid-19 ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလဖြစ်ကြောင်း၊ Covid-19 ကပ်ရောဂါ ဖြစ်ပွား နေချိန်ဖြစ်သဖြင့် တင်သွင်းလွှာကို ကြားနာဆုံးဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ခုံရုံးအနေဖြင့် e-Court စနစ် အသုံးပြုဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ မိမိတို့ ခုံရုံး အနေဖြင့် ယခင်ကတည်းက အီလက်ထရောနစ်တရားခွင်စနစ် (e-Bench System) ကို အစပျိုးထားပြီး ဖြစ်သဖြင့် e-Court စနစ်ဖြင့် တင်သွင်းလွှာ လက်ခံသည်မှ ဆုံးဖြတ်ချက်ချသည့်အထိ အခက်အခဲမရှိ ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ e-Court စနစ်ဖြင့် ကြားနာ ဆုံးဖြတ်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သဖြင့်  အောင်မြင်စေရန် ကြိုးပမ်းအားထုတ်ခဲ့သော ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ဂုဏ်ပြုချီးမြှင့် လိုသဖြင့် ယခုကဲ့သို့ အခမ်းအနား ကျင်းပပြုလုပ်ရ ခြင်းဖြစ်ကြောင်း၊ e-Court စနစ် အကောင်အထည်ပေါ်အောင် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သော e-Government ဌာနနှင့် တရားရေးဌာနများမှ ညွှန်ကြားရေးမှူး များနှင့် ဝန်ထမ်းများအားလုံးကို ခုံရုံးအနေဖြင့် ဂုဏ်ယူကျေးဇူးတင် ပါကြောင်း၊ နောင်တွင် ယခုကဲ့သို့ လုပ်ငန်းရပ်များ ပေါ်ပေါက်လာပါက စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် မိမိအနေဖြင့် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ e-Government ဌာနမှ ညွှန်ကြားရေးမှူး၊ ဦးညီညီလွင်က e-Court စနစ်ဖြင့် ကြားနာဆုံးဖြတ်နိုင်ရန်အတွက် လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ခုံရုံး ဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ရာ တရား ရေးဌာနမှ ဝန်ထမ်းများကိုယ်စား ညွှန်ကြားရေးမှူး၊ ဦးမင်းသိမ်းကလည်းကောင်း၊ e-Government ဌာနမှ ဝန်ထမ်းများ ကိုယ်စား ညွှန်ကြားရေးမှူး၊ ဦးညီညီလွင်က လည်းကောင်း အသီးသီး လက်ခံရယူခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။