Main menu

ကယားပြည်နယ်

ကယားပြည်နယ် သည် မြန်မာနိုင်ငံတွင်အငယ်ဆုံးပြည်နယ်ဖြစ်သော်လည်း ဇီဝမျိုးစုံကွဲပြားမှု အလွန်များပြားပြီး အံ့သြဖွယ်ခရီးသွားအတွေ့အကြုံများစွာကိုလည်း ရရှိနိုင်ပါသည်။ နှစ်ပေါင်း ၅၀ ခန့် ခရီးသွားများ မသွားလာနိုင်ခဲ့သည့်ပြည်နယ်မှာ စစ်မှန်မှုများဖြင့်တောက်ပနေပြီး လူအများသိရှိခြင်း မရှိသေးသည့် မြန်မာနိုင်ငံ၏ သဘာဝရတနာများကိုတွေ့မြင်ခံစားနိုင်ရန်အတွက် ခရီးသွားများ ဝင်ရောက်နိုင်ရန်ပြန်လည်ဖွင့်လှစ်ထားပါသည်။ ကယားပြည်နယ်တွင်မတူညီသည့် တိုင်းရင်းသား မျိုးနွယ် (၉) မျိုး နေထိုင်ပြီး ပြည်နယ်ငယ်လေးအတ်ငင်းမှခရီးသွားဧည့်သည်များအတွက် ယဉ်ကျေးမှု နှင့် အမွေအနှစ်များကို လေ့လာနိုင်ရန်အခွင့်အရေးများစွာရရှိစေမှာဖြစ်ပါသည်။ အထင်ရှားဆုံး မျိုးနွယ် စုများမှာ ကယားနှင့် ကယန်းလူမျိုးတို့ဖြစ်ပါသည်။ ကယားလူမျိုးများမှာ တောက်ပသည့် အနီရောင် ခြုံထည်များကို ဝတ်ဆင်ကြပြီး ကယန်းလူမျိုးများမှ လည်ပင်းတွင်ကြေးကွင်းများဝတ်ဆင်ကြပါသည်။ မြို့ငယ်လေးမှ ဒေသခံတို့၏ နွေးထွေးပျူငှာ ဧည့်ဝတ်ကျေပွန်မှုနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်း မှတဆင့် တိုင်းရင်းသားများနှင့် မမေ့နိုင်သည့်အတွေ့အကြုံများကို ရရှိစေမည်ဖြစ်ပါသည်။ ဒေသခံများ မှ သူတို့၏ ကျွမ်းကျင်မှုအမျိုးမျိုးကို ခရီးသွားဧည့်သည်များအား ပြသပေးကြပါသည်။


အခြေခံအချက်အလက်များ

ကယားပြည်နယ်တွင် ကယား၊ ကယန်း၊ ဘရီ၊ လထနှင့် ရင်ဘော် လူမျိုးစုများရှိပါသည်။ ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် နတ်ကိုးကွယ်မှုများလည်းရှိပါသည်။ ကယားလီစကား၊ မြန်မာ/ ဗမာ စကားနှင့် အင်္ဂလိပ်စကား(အနည်းငယ်) ကို ပြောဆိုကြပါသည်။


မြေမျက်နှာသွင်ပြင်

ကယားပြည်နယ်မှာ မြန်မာနိုင်ငံအရှေ့ဘက်တွင်ရှိပြီး တောင်ထူထပ်ပါသည်။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့်ထိုင်းနိုင်ငံတို့ဖြင့်ထိစပ်နေပါသည်။ ပြည်နယ်မှာ ဧရိယာ ၁၁၇၃၁.၅ စတုရန်းကီလို မီတာ (သို့) ၄၅၂၉.၆ စတုရန်းမိုင်ကျယ်ဝန်းပါသည်။ ကုန်းမြင့်ဒေသများမှာ ယေဘုယျအားဖြင့် စွတ်စို ပြီး အပူချိန်လျော့နည်းကာ  အနိမ့်ပိုင်းဒေသများမှာ အပူပိုင်းမုတ်သုန်ရာသီဥတုဖြစ်ပါသည်။


စိတ်ဝင်စားဖွယ်အချက်အလက်များ

 ကယားလူမျိုးများမှာ နတ်ကိုးကွယ်ယုံကြည်ကြပါသည်။ ကယားပြည်နယ်အတွင်း လောပိတ ဆည်တွင်ရေအားလျှပ်စစ်စက်ရုံရှိပါသည်။ ကယားအမျိုးသမီး(ကရင်နီ)များမှာလည်ပင်းတွင် ကြေးကွင်း များ ဝတ်ဆင်လျှက်ရှိကြပါသည်။


သွားရောက်လည်ပတ်နိုင်သည့်နေရာများ

ကယားပြည်နယ်နှင့် အထင်ကရတောင်ကွဲစေတီ

တောင်ကွဲစေတီသည် လွိုင်ကော်မြို့၏ တောင်ဘက်တွင်တည်ရှိပြီး တောင်တော်ကို လွိုင်ကော်မြို့ရောက်သည်နှင့် ထီးထီးမားမား တွေ့မြင်နိုင်မည်ဖြစ်သည်။ လွိုင်ကော် မြို့အတွင်း မြေပြင်မှ ထီးထီးကြီးပေါ်ထွက်နေသော တောင်ကြီးဖြစ်ကာ အခြားတောင် များကဲ့သို့ တောင်တစ်လုံးတည်းမဟုတ်ဘဲ တောင်ချွန်၊ တောင်ထွတ်များတစ်နေရာတည်း စုစည်းကာ ပေါ်ထွက်နေခြင်းဖြစ်သည်။

တောင်ကွဲတောင်တော်သည် အမြင့် ၃၈၇ ပေရှိပြီး သဘာဝကျောက်တောင်ထွတ်  ကိုးခု   စုစည်းတည်ရှိနေသည်။ တောင်ထွတ်တစ်ခုစီတိုင်းတွင် စေတီများ တည်ထားသည်ကို အောက်မြေပြင်မှကြည့် ရသည်မှာ ထူးခြားသည်။

ဦးသီရိတည်ခဲ့သည့် သီရိဒေါမြို့ကို အစွဲပြုပြီး သီရိတောင် သို့မဟုတ် မင်္ဂလာသီရိ တောင်ဟု ခေါ်ဝေါ်ကြကာ ထိုတောင်ပေါ် တွင် တည်ထားသောကြောင့် ၁၉၇၀ ပြည့်နှစ်မှစ၍ သီရိမင်္ဂလာတောင်တော်စေတီဟု ခေါ်ဆိုကြောင်း သိရသည်။ ယခုအခါ တည်နေပုံကိုလိုက်ပြီး အနယ်နယ်အရပ်ရပ်မှ လူအများက တောင်ကွဲစေတီဟု သိရှိ ကြသည်။ ရှမ်းဘာသာစကားအရ လွိုင်ဖာတက်ဟုခေါ်ပြီး ကယားဘာသာဖြင့် ဖော်ဖြဲဟု ခေါ်ကြသည်။

သဘာဝကျောက်ထွတ်ကြီး ကိုးခုရှိပြီး ကျောက်ဆောင်ကျောက်ထွတ်တိုင်းတွင် စေတီများတည်ထားပြီး ပြည်လုံးချမ်းသာ စေတီတော်၊  ရွှေယပ်တောင်စေတီတော်၊ ရွှေရင်အေးစေတီတော်၊   ကျောက်သမ္ဗန် စေတီတော်၊ အောင်တော်မူစေတီတော်၊ ဆုတောင်းပြည့်စေတီတော်၊ အောက်ကျိုက် ထီးရိုးစေတီတော်မြတ်၊ အထက်ကျိုက်ထီး ရိုးစေတီတော်မြတ်နှင့်ရွှေပြည်အေးစေတီ တော်မြတ်တို့ဖြစ်ကြသည်။

လွိုင်ကော်မြို့တောင်ဘက်ရောက်သည် နှင့် တောင်ကွဲစေတီတော်ကို ထင်ထင်ရှားရှား တွေ့မြင်ရမည်ဖြစ်ပြီး တောင်ခြေသို့ ရောက်သည်နှင့်တောင်ထွတ်တောင်စုများနှင့်စေတီ များကို အမြင်ထူးစွာ ဖူးမြော်နိုင်မည်ဖြစ်သည်။

တောင်ပေါ်တက်ရန် ကျဉ်းမြောင်းသော လမ်းသွယ်များရှိပြီး အသက်အရွယ်ကြီးရင့် သူများအတွက် ဓာတ်လှေကားလည်းရှိသည်။ ကျဉ်းမြောင်းပြီး အချို့နေရာများ တွင် မတ်စောက်သည့် တောင်တက်လှေကားများအတိုင်း တက်သွားရပြီး တောင် တစ်ခုနှင့်တစ်ခုကို တံတားများထိုးပေးထားသည်။

တောင်ထွတ်တစ်ခုစီတိုင်းသည် ကျယ်ဝန်းခြင်းမရှိသော်လည်း တောင်ထွတ်တစ်ခုမှ တစ်ခုသို့ကူးကာ  သွားရောက်ဖူးမြော်ရသည်ပင် တောင်ကွဲတောင်၏ဆွဲဆောင်မှု တစ်ခုပင်ဖြစ်သည်။ အလှဓာတ်ပုံရိုက်လို သူများအနေဖြင့် ရှုခင်းအလှများ များစွာ ရှိနေသလို တောင်ပေါ်မှနေ၍ လွိုင်ကော် မြို့ကို အပေါ်စီးမှ ရှုမြင်နိုင်မည်ဖြစ်သည်။

အထူးသဖြင့် နံနက်ခင်းအချိန်အခါမျိုးတွင် လွိုင်ကော်မြို့၏အလှကို သာယာကြည်နူး ဖွယ် တွေ့မြင်နိုင်မည်ဖြစ်ပေသည်။


စွန့်စားခရီးသွားများနှစ်သက်မည့်နေရာ

ဆင်ဖြူတောင် သဘာဝအလှအပများဆီ သွားရောက်ရင်း တောင်တက်လမ်းမှ ထီးပရူးနူးလိုဏ်ဂူသို့လည်း တစ်ခရီးတည်း လည်ပတ်နိုင်သည်။ သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ထီးပရူးနူး ထုံးကျောက်လိုဏ်ဂူသည် သဘာဝရေတံခွန်၊ မြေအောက်မြစ်နှင့် မြေအောက်ဂူ နှစ်မျိုးတွဲ တည်ရှိနေပြီး စွန့်စားခရီးသွားများ ကြိုက်နှစ်သက်မည့် လည်ပတ်စရာနေရာတစ်ခု ဖြစ်သည်။

ဆင်ဖြူတောင်ကဲ့သို့ ကယားပြည်နယ်ရှိ လွိုင်နန်းဖတောင်သည်လည်း ထင်ရှားသည့် ခရီးသွားနေရာတစ်ခု ဖြစ်သည်။ လွိုင်နန်းဖတောင်သည် ပေ ၅၀၀၀ ကျော် မြင့်မားပြီး တောင်တက်ရင်း ဒေသမျိုးရင်း သစ်ပင်ပန်းမန်များကို လေ့လာတွေ့ရှိနိုင်သည်။ လွိုင်နန်းဖတောင်ပေါ်မှ နေထွက်နေဝင် ရှုခင်းသည် သဘာဝပန်းချီကားတစ်ချပ် ဟု ဒေသခံများက ဆိုကြသည်။

ဆင်ဖြူတောင်၊ ထီးပရူးနူးလိုဏ်ဂူ၊ လွိုင်နန်းဖတောင်တို့ကဲ့သို့ ကြတ်ဂူသည် လွိုင်ကော်မြို့နှင့် ခုနစ်မိုင်အကွာတွင် တည်ရှိသည့် ခရီးသွားများ စိတ်ဝင်စားရာ သဘာဝနေရာတစ်ခုဖြစ်သည်။ လိုဏ်ဂူအတွင်း ယခင် နှစ်ပေါင်း များစွာကတည်းက တည်ရှိခဲ့သော သစ်သားခေါင်းတလား များကလည်း ရိုးရာဒဏ္ဍာရီများကို စိတ်ဝင်စားဖွယ်ဖြစ် စေသည်။ လိုဏ်ဂူအဝင်ဝ သစ်သားတံတား၊ ဂူအတွင်း ကျောက်စက်ပန်းဆွဲများဖြင့် စိတ်ဝင်စားဖွယ်ကောင်းသော နေရာတစ်ခုဖြစ်သည်။

သဘာဝအလှအပများကို ခရီးသွားများ ခံစားလည်ပတ်နိုင်မည့် ခရီးစဉ်နေရာများအပြင် ပြည်နယ်ရှိ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးစံများ၊ လူမှုဘဝများကို သဘာဝအတိုင်း ခံစားနိုင်မည့် လူထုအခြေပြု ခရီးသွား လုပ်ငန်း(CBT) ကျေးရွာများသည်လည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ။

ကယားပြည်နယ်တွင် လူထုအခြေပြု ခရီးသွား လုပ်ငန်း (CBT) ကျေးရွာ လေးရွာ ဖော်ဆောင်ထားပြီး ဖြစ်သည်။ ကယန်းတိုင်းရင်းသားများ နေထိုင်ရာ ဒီးမော့ ဆိုမြို့နယ် ပန်ပက်ကျေးရွာသည် CBT ကျေးရွာ လေးရွာမှ တစ်ရွာဖြစ်သည်။

ပြည်နယ်မြို့တော် လွိုင်ကော်မှ ၂၆ မိုင်အကွာ၊ ကားလမ်းခရီး တစ်နာရီခန့်သာ ကြာမြင့်သည့် ကယန်း တိုင်းရင်းသားများ နေထိုင်ရာ ရွာလေးသည် အေးချမ်းလှသည်။ ကတ္တရာခင်း ရွာလယ်လမ်းမကြီးက သေသပ်ကောင်းမွန်ပြီး လျှပ်စစ်မီးရကာ ဖွံ့ဖြိုးနေသည့်ရွာဖြစ်သည်။ ရွာအတွင်း စိုက်ပျိုးထားသော စိုက်ခင်းများက စိမ်းစိမ်းစိုစိုရှိလှသည်။

ကယန်းတိုင်းရင်းသားများ၏ ရိုးသားဖော်ရွေမှု

မြို့ပြမြင်ကွင်းနှင့် ကွာခြားလှသော တိုင်းရင်းသား တို့ရွာကလေးသည် စိမ်းစိုသာယာရုံမျှမက ကယန်းတိုင်းရင်းသားများ၏ ရိုးသားမှု၊ ဖော်ရွေပျူငှာမှုများကို လာရောက်လည်ပတ်သူတိုင်း တွေ့မြင်ခံစားရမည်ဖြစ်သည်။

ကယန်းရွာထဲ ကလေးများ၏ ဆော့ကစားသံ။ ခိုင်းနွားများ၏လည်မှ ခလောက်သံများဖြင့် ကယန်းရွာ လေးသည် စည်ဝေသာယာနေသည်။ တစ်ခေါက်တစ်ခါ လာရောက်လည်ပတ်ပြီးသော်လည်း ထပ်လာချင်စိတ် ဖြစ်မိသည့် လူထုအခြေပြု ခရီးသွားလုပ်ငန်း ကျေးရွာလေးဖြစ်သည်။

ပန်ပက်ကျေးရွာကဲ့သို့ တနီးလာလဲကျေးရွာသည်လည်း လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ထားသည့် ကျေးရွာတစ်ခုဖြစ်သည်။ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တနီးလာလဲကျေးရွာနှင့် ကန်ခုနစ်ဆင့်ရေကန်သည် လူသိများသည့် နေရာတစ်ခုဖြစ်သည်။ ကယားတိုင်းရင်းသားများနေထိုင်ရာ တနီးလာလဲကျေးရွာတွင် တိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို လည်ပတ်ခံစားနိုင်သလို ရွာအတွင်း နွားလှည်းစီးလည်ပတ်ခြင်း၊ ကယားရိုးရာ အသားကင်များ မြည်းစမ်းခြင်းတို့ဖြင့် ဒေသဓလေ့ကို တစ်မျိုးတစ်မည် ခံစားနိုင်သည်။ ရွာအနီး ကန်ခုနစ်ဆင့် ရေကန်ကိုပါ တစ်ပါတည်း သွားရောက်ရင်း အပန်းဖြေ အနားယူနိုင်သည်။ ။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာပင် တည်ရှိသည့် ဒေါတမ ကြီးကျေးရွာသည်လည်း လူထုအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်သည့် ရွာတစ်ခုဖြစ်ပြီး လွိုင်ကော်မြို့မှ ၃၉ မိုင်အကွာ၊ ကားလမ်းခရီး နှစ်နာရီခန့်ရှိသည်။ ကယားလူမျိုးများ နေထိုင်ကြပြီး ယနေ့ထက်တိုင် ကယားရိုးရာ ဝတ်စုံများကို ဝတ်စားဆင်ယင်ကာ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားဆဲဖြစ်သည်။ ရွာအပြင် စပါးသိုလှောင် အိမ်များက ခရီးသွားများကို အမြင်ဆန်းစေသည်။ ချစ်စရာဓလေ့နှင့် ပျူငှာသောအပြုံးများ ပေါင်းစပ်ကာ ခရီးသွား များကို ဆွဲဆောင်ထားသည်။

ထီးစဲခါးရေတံခွန်အပန်းဖြေ

ထို့ပြင် ကယောတိုင်းရင်းသားများ နေထိုင်ရာ ထေခို ကျေးရွာသည်လည်း CBT ကျေးရွာလေးရွာမှ တစ်ရွာ ဖြစ်သည်။ ဖရူဆိုမြို့နယ်တွင် တည်ရှိပြီး လွိုင်ကော်မှ ၄၂ မိုင်ကွာဝေးသည်။ တောင်စောင်းပေါ်မှ ရိုးရာကယား တိုင်းရင်းသားတို့၏ အိမ်တန်းသည် သဘာဝအတိုင်း ရိုးရှင်းစွာ တည်ရှိနေသည်။ သက်တမ်းနှစ်တစ်ရာခန့် ရှိပြီဖြစ်သည့် ကက်သလစ် ဘုရားကျောင်းကြီးကလည်း ရွာနှင့်အတူ ခံ့ညားစွာ တည်ရှိနေသည်။ ကျေးရွာထဲတွင် သဘာဝအတိုင်း လွတ်လပ်စွာ သွားလာနေသည့် အိမ်မွေး တိရစ္ဆာန်များ၏ အသံများကလည်း ဆူညံသည်ဟုလည်း မခံစားရ။ ရွာထဲ လည်ပတ်ပြီး ထီးစဲခါး ရေတံခွန်ဆီသို့ ခရီးသွားအများစု အပန်းဖြေခရီးဆက်ကြလေ့ရှိသည်။

ထီးစဲခါးရေတံခွန်သည် ခရီးသွားအများစု လာလည်ရသည်မှာ ထိုက်တန်သည်ဟု မှတ်ချက်ပြုကြသည့် ခရီးစဉ် နေရာတစ်ခုဖြစ်သည်။ အများပြည်သူရုံးပိတ်ရက်ရှည်ဖြစ်သည့် သင်္ကြန်ပိတ်ရက်များ၊ သီတင်းကျွတ်ပိတ်ရက်များတွင် ပြည်တွင်းခရီးသွားအများစု လာရောက်လည်ပတ်သည့် နေရာတစ်ခုလည်း ဖြစ်သည်။

ထီးစဲခါးရေတံခွန်နှင့် နှစ်မိုင်အကွာတွင် တည်ရှိနေသည့် လီဆူတိုင်းရင်းသားများ နေထိုင်ရာ အိုင်စန့်ကျေးရွာသည်လည်း ကယားသွေးချင်းတို့ဆီမှ အလည်အပတ် သွားသင့်သည့် နေရာတစ်ခုဖြစ်သည်။ ရိုးရာယဉ်ကျေးမှု ကို ထိန်းသိမ်းထားဆဲ ကျေးရွာတစ်ခုဖြစ်သည်။

သဘာဝအလှအပများနှင့်အတူ ငွေတောင်ဆည်သည် လွိုင်ကော်မြို့နှင့် ကိုးမိုင်သာ ကွာဝေးပြီး လူသိများကာ အများပြည်သူ လည်ပတ်လေ့ရှိသည့် အထင်ကရနေရာ တစ်ခုဖြစ်သည်။ ငွေတောင်ဆည်ပေါင်ပေါ် ဆင်စီးရင်း သဘာဝအလှကို အထာကျကျ ခံစားနိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည်။

လွိုင်ကော်မြို့လယ် ဘီလူးချောင်းပေါ်တွင် ကန္ဒရ ဝတီတံတား၊ ဒေါနိုးကူးတံတား၊ ဘီလူးချောင်းတံတား (ရှမ်းပိုင်း)၊ ဥတ္တရရုံတံတားနှင့် သီရိမင်္ဂလာတံတား (ကျောက်ပြားတံတား) စသည့် တံတားငါးစင်းကို တည်ဆောက်ထားပြီး အမှတ်တရဓာတ်ပုံရိုက်ရင်း သွားရောက်လေ့လာသင့်ပေသည်။ ဘီလူးချောင်းနှင့် ပတ်သက်သည့် အမှတ်တရတစ်ခုအဖြစ် ဘီလူးချောင်း ရေသောက်ရင် နောက်တစ်ခေါက် ပြန်ရောက်တတ်သည် ဆိုသော ဒေသခံများ၏ ပြောစကားကိုလည်း လက်ဆင့်ကမ်း ဆိုချင်ပါသည်။ ။

လွိုင်ကော်မြို့တွင် ဗုဒ္ဓဘာသာဝင်များ ဘုရားဖူးမြော် လည်ပတ်နိုင်သည့် နေရာများစွာလည်း ရှိသေးသည်။ တောင်ကွဲစေတီ၊ မြို့နာမ်စေတီ၊ ရွှေလက်ဝါးစေတီ၊ ဘေးမခတောင်တော်နှင့် မြကလပ်တောင်တော်ဆီ ကုသိုလ်ပြု ဘုရားဖူးသွားရောက်နိုင်သည်။ ။

ကယားသွေးချင်းတို့မြေသို့ ရောက်လျှင် ရိုးရာအစား အစာများကိုလည်း မမေ့မလျော့ မြည်းစမ်းသင့်သည်။ နာမည်ကျော် ကယားခေါင်ရည်၊ ကယားဝက်အူချောင်း၊ ဟင်းထုပ် စသည်ဖြင့် ဒေသ အစားအသောက်များကလည်း လတ်ဆတ်စုံလင် အရသာရှိလှသည်။ အသီးအရွက် လတ်လတ်ဆတ်ဆတ်များ ပါဝင်သည့် ကယားရိုးရာ ဟင်းရည်၊ ကယားရိုးရာ ကြက်သားအနှစ်ချက်တို့သည် လူကြိုက်များသည့် ရိုးရာအစားအစာများ ဖြစ်သည်။

ပြည်နယ် လွိုင်ကော်မြို့ရှိ ဈေးထဲမှ ဒေသအစား အသောက်များ မြည်းစမ်းမလား၊ မြို့ထဲရှိ စားသောက် ဆိုင်များတွင် ရွေးချယ်စားသောက်မလား၊ ဒီးမော့ဆိုမြို့ ဈေးအထိ သွားရောက်စားမလား ရွေးချယ်စရာ ပေါများကာ သန့်ရှင်း၍ အရသာကောင်းသည်။ လည်ပတ်စရာပေါများပြီး အစားအစာများ အရသာရှိရုံမက မြို့ကလည်း အမှိုက်ကင်းစင်ပြီး သန့်သန့်ရှင်းရှင်း ရှိလှသည်။

ကယားပြည်နယ်အတွင်း ခရီးသွားများ နှစ်သက်သဘောကျမည့် လည်ပတ်သင့်သည့် နေရာများ ညွှန်းဆိုရန် နေရာများစွာ ကျန်ရှိနေနိုင်ပါသည်။ ဥပမာ လောပိတ ရေတံခွန်နှင့် ရေအားလျှပ်စစ်၊ ရိုးရာယဉ်ကျေးမှုပြတိုက်၊ နောင်ယားကန်၊ ထွေးလျားကန်၊ ထီးပွင့်ကန်၊ လျောင်းတော်မူဘုရား၊ ကွိုင်ငံရေထွက်ပေါက် စသည်ဖြင့် နေရာများစွာ ကျန်ရှိနေပါသေးသည်။ ထို့အတူ အရသာ ကောင်းလှသည့် ဒေသအစားအစာများ များစွာကျန်ရှိ နေပါသေးသည်။


ရိုးရာပွဲတော်များ

ကေ့ထိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို နှစ်စဉ် တန်ခူးလနှင့် ကဆုန်လများတွင် ကျင်းပလေ့ရှိသည်။ မိုးလေဝသမှန်ကန်ပြီး ကောက်ပဲသီးနှံများ ဖွံ့ဖြိုးအောင် မြင်စေရန် ရည်ရွယ်ကျင်းပသည့်အတွက် မိုးခေါ်ပွဲ (မိုးတပွဲ) ဟုလည်း ခေါ်ဆိုကြကြောင်း သိရသည်။ တံခွန်တိုင်ပွဲတော်သည် နှစ်စဉ် ရွာစဉ်ရွာတိုင်း ကျင်းပလေ့ရှိ သော ပွဲတော်ဖြစ်ကြောင်း သိရှိရသည်။

အဲဒူ (ခေါ်) ကောက်ညှင်းထုပ်ပွဲတော်သည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်သည့် ပွဲတော်တစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးပြီးသည့် အထိမ်းအမှတ်အဖြစ် ရည်ရွယ်ကျင်းပကြသည်။ ပွဲတော်ကို စပါးစိုက်ပျိုးပြီးသည့် တော်သလင်းလနှင့် သီတင်းကျွတ်လများတွင် ကျင်းပ ကြလေ့ရှိသည်။

ထို့အတူ တောကောင်လိုက်ပွဲ၊ ငှက်လိုက်ပွဲ၊ ထိမ်းမြားမင်္ဂလာပွဲ၊ ကလေးအမည်ပေးပွဲ၊ ကလေး ချက်ကြွေပွဲ၊ အိမ်သစ်တက်ပွဲ၊ ထမင်းထောင်းပွဲ၊ အသုဘပွဲ တို့ကိုလည်း ရိုးရာဓလေ့နှင့်အညီ ပြုလုပ်ကြကြောင်း၊ သိရှိရသည်။ ။

ကယား၊ ကယန်း၊ ကယန်း (လထ)၊ ကယော၊ ယင်းဘော်၊ ယင်းတလဲ၊ ဂေခို၊ ဂေဘား၊ ကယားမိုနု (မနု မနော) ဟူသည့် လူမျိုးစု ကိုးစုနေထိုင်ကြသည့် ကယားတို့မြေ ငွေတောင်ပြည်သည် လည်ပတ်လေ့လာစရာ နေရာများစွာ တည်ရှိနေသလို ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ ပေါများလှသည့် ပြည်နယ်တစ်ခုဖြစ်သည်။ ထိုသို့သော တည်ရှိနေမှုများကို အသုံးပြု၍ ကယားပြည်နယ် ၏ကို ခရီးသွားပြည်နယ်တစ်ခု ဖြစ်လာစေရန် ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မျှော်မှန်းဆောင်ရွက်လျက် ရှိသည်။ တိုင်းရင်းသားများ၏ ဖော်ရွေပျူငှာမှုများနှင့် ပြည်နယ်၏ သဘာဝအလှအပများကို ခံစားရန်အတွက် ခရီးသွားပြည်နယ်အဖြစ် ဖော်ဆောင်ရာ သွေးချင်းတို့မြေ ငွေတောင်ပြည်သို့ တစ်ခေါက်တစ်ခါ လာလည်ပါဟု ဖိတ်ခေါ်ချင် ပါသည်။ ။

title image: 
Myanmar