Main menu

ရှမ်းပြည်နယ်

တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏အဓိကမြို့တော်ဖြစ်ပါသည်။ ရှမ်းပြည်နယ်သည် ပုဂံ မင်းဆက်များလက်ထက်အတွင်း တည်ထောင်ခဲ့သော ပြည်နယ်တစ်ခုဖြစ်သည်။ ရှမ်းလူမျိုး တို့သည်ရှမ်းပြည်နယ်ဟု ခေါ်ဆိုခြင်းထက် “မောင်တိုင်”ဟုခေါ်ဆိုခြင်းကို ပိုနှစ်သက်၍ ရှမ်းဟူ သောစကားလုံးအစား “တိုင်”သို့မဟုတ် “ဒိုင်း”ဟူ၍ သူတို့၏အမည်များတွင် အမြတ်တနိုး သုံးစွဲကြသည်။ ထိုင်းလူမျိုးများသည် ရှမ်းလူမျိုးများကို “တိုင်ရိုင်”သို့မဟုတ် “ရှမ်းကြီး”ဟူ၍ ခေါ်ကြသည်။ ရှမ်းပြည်နယ်၌နေထိုင်သော ဒုတိယအများဆုံးလူမျိုးစုမှာ ဝလူမျိုးတို့ဖြစ်သည်။ ဝလူမျိုးတို့သည် ရှေးအခါကလှံ၌လူ၏ဦးခေါင်းအား ချိတ်ဆွဲထားသော အလေ့အထကြောင့် ရှမ်းတောင်တန်းနှင့် ဝေးကွာသောဒေသတွင် နေထိုင်သောသူများပင် ၎င်းတို့အား ကြောက်ရွံ့ ကြသည်။ ရှမ်းပြည်နယ်၏တောင်တန်းများ ဝန်းရံနေသော မြင်ကွင်းနှင့် ရှမ်းပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော သံလွင်မြစ်တို့၏အလှသည် မြင်သူတိုင်းအတွက် ရင်သပ်ရှုမောဖွယ် ကောင်းလှပါသည်။ ရှမ်းပြည်နယ်သည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်တို့ လက်လွှက်မခံသင့် သော အလွန်တရာလှပသည့် လိုဏ်ဂူများတည်ရှိရာ နေရာဌာနတစ်ခုအဖြစ် ကျော်ကြားလှသည်။

ရှမ်းပြည်နယ်တွင် ပအို့၊ ပလောင်၊ လီဆူး၊ လားဟူ၊ အခါ၊ ကိုးကန့်နှင့် အင်းသားစသည့် လူမျိုးစုများ စုပေါင်းနေထိုင်ကြသည်။ ကိုးကွယ်သောဘာသာများမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာနှင့် နတ်ကိုးကွယ်မှုတို့ရှိသည်။ ဒေသခံများသည် မြန်မာဘာသာစကားအပြင် ထိုင်းဘာသာစကားနှင့် ဆင်တူသောရှမ်းစကားဖြင့် ပြောဆိုဆက်ဆံ ကြသည်။

ရှမ်းပြည်နယ်သည် (၁၅၅၈၀၁) စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိပြီး တောင်တန်း ဒေသဖြစ်၍ချမ်းအေးပြီး အပူပိုင်းဒေသတွင် တည်ရှိသည်။ တရုတ် ၊လာအို၊ ထိုင်းစသည့် အိမ်နီး ချင်းနိုင်ငံများနှင့်နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိပါသည်။  

ရှမ်းပြည်နယ်ဟူသော အခေါ်အဝေါ်သည် ရှမ်းလူမျိုးများမှဆင်းသက်လာပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများကို ရှမ်းပြည်နယ်တွင် တွေ့ရှိနိုင်သည်။ (၂၀၁၄)ခုနှစ်သန်းခေါင်စာရင်း များအရ ရှမ်းပြည်နယ်၏လူဦးရေမှာ(၅.၈၂၄)သန်းခန့်ရှိသည်။

သမိုင်းကြောင်း

ရှမ်းလူမျိုးများသည် တိုင်-ကတိုင်မျိုးနွယ်စုများမှ ဆင်းသက်လာသော မျိုးနွယ်တစ်ခု ဖြစ်သည်။ ရှမ်းကုန်းမြေမြင့် ဒေသတွင် အများဆုံး နေထိုင်ကြပြီး ချင်းတောင်တန်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီကမ်းရိုး တန်းဒေသများမှအပ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပျံ့နှံ့နေထိုင်ကြသည်။ အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦး ဘုရား၊ ပင်းတယရှိ ရွှေဥမင်ဘုရား၊ ဆီဆိုင်ရှိ မွေတော်ကက္ကူဘုရား၊ သီပေါမြို့ရှိ ဘော်ကြိုဘုရား၊ အောင်ပန်းမြို့အနီးရှိ မြင်းမထိဂူ၊ ဟိုပုန်းဒေသရှိ ထန်ဆန်းဂူ၊ နောင်ချိုမြို့ အနီးရှိ ဂုတ်ထိပ်တံတား၊ ကျိုင်းတောင်း ရေတံခွန်နှင့် လားရှိုးရေပူစမ်းတို့သည် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ချင်စရာ အကောင်းဆုံးနေရာများ ဖြစ်ကြသည်။ ရှမ်းလူမျိုးတို့၏ ပွဲတော်များအနက်ဒီဇင်ဘာလတွင် ကျင်းပသော တောင်ကြီးမီးပုံးပျံပွဲတော်သည် ရှမ်းလူမျိုးများ အားလုံး ပျော်ရွှင်စွာ ဆင်နွှဲသည့် အကြီးဆုံးပွဲတော် ဖြစ်သည်။ မိုင်းရှူးရတနာမြေမှ ထွက်ရှိသည့် ပတ္တမြား၊ ကျောက်နီနှင့် နီလာတို့သည် ရှမ်းပြည်နယ်၏ အကျော်ကြားဆုံး သဘာဝတွင်းထွက် ရတနာများ ဖြစ်ကြသည်။ လက်ဖက်ခြောက်၊ လက်ဖက်စိမ်း၊ ပဲပုပ်၊ လိမ္မော်၊ မက်မန်းနှင့် ထောပတ်သီးများသည် ရှမ်းပြည်နယ်၏ အကျော်ကြားဆုံးသော ဒေသထွက်ကုန်များ ဖြစ်ကြသည်။ ရှမ်းအိုးစည်နှင့် ဓားသိုင်းအက၊ တိုးနယားနှင့် ကိန္နရီ၊ ကိန္နရာအကတို့သည် ထင်ရှားသော ရိုးရာအကများ ဖြစ်ကြသည်။ ရှမ်းပြည်နယ်ကို ချယ်ရီမြေဟု လူအများက တင်စားခေါ်ဝေါ်ကြသည်။

လူမျိုးစုများ

ရှမ်းလူမျိုး

ရှမ်းကုန်းမြေမြင့်ဒေသတွင်  အများဆုံးနေထိုင်ကြပြီး   ချင်းတောင်တန်း၊  ရခိုင်ပြည်နယ်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသများမှအပ  မြန်မာနိုင်ငံ အနှံ့အပြားတွင်  ပြန့်နှံ့နေထိုင်ကြသည်။

ယွန်းရှမ်းလူမျိုး

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနယ်၊ တာချီလိတ်ဒေသတဝိုက်တွင် နေထိုင်ကြသည်။

ကွီလူမျိုး

မိုင်းဆတ်၊ မိုင်းပန်ဒေသများနှင့် ကျိုင်းတုံမြို့အနီးတဝိုက်တွင် နေထိုင်ကြသည်။

ထနော့လူမျိုး

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ တောင်ပို့လှရွာ၊ သအယ်သစ်ရွာတို့တွင် သီးသန့် နေထိုင်ကြပြီး တောင်ကြီးမြို့နယ်၊ အေးသာယာမြို့အနီး နောင်အင်ရွာ၊ ချောင်းကြားရွာ၊၊ ဘုရားဦးရွာ၊ သစ်ပင်ထောင်ရွာ၊ သိမ်ကုန်းရွာ၊ ဘန့်ကုန်းရွာ(သို့မဟုတ်)ရွာသစ်ကုန်းရွာတို့တွင် အနည်းငယ် နေထိုင်ကြသည်။

တောင်ပို့လှရွာနှင့် သအယ်သစ်ရွာမှအပ ကျန်ရွာများတွင် ပအိုဝ်း၊ တောင်ရိုး၊ ဓနုလူမျိုးများ နှင့် ရောနှောနေထိုင်ကြသည်။

ပလေးလူမျိုး

ရှမ်းပြည်တောင်ပိုင်း၊ လွယ်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်နှင့် ကလောမြို့နယ်အတွင်းပိုင်းတွင် နေထိုင်ကြသည်။

အာခါ

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တောင်စောင်းများပေါ်တွင် အများဆုံးနေထိုင်ကြသည်။

ကိုးကန့်လူမျိုး

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ကုန်းကြမ်းနှင့် လောက်ကိုင်မြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

ခန္တီးရှမ်းလူမျိုး

မြန်မာနိုင်ငံမြောက်ဖျား ခန္တီးလုံခေါ် ပူတာအိုခရိုင်နှင့် မိုးကောင်းမြို့နယ်၊ မိုးညှင်း၊ မြစ်ကြီး နား၊ ဟုမ္မလင်းတို့တွင် ပြန့်နှံ့နေထိုင်သည်။

ဂုံ(ခွန်)လူမျိူး

ဂုံရှမ်းများသည် ကျိုင်းတုံမြို့နယ်တွင် အများဆုံးနေထိုင်ကြပြီး သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ မြို့နယ်အသီးသီးသို့လည်း  ပြန့်နှံ့ရောက်ရှိ နေထိုင်ကြပါသည်။

တောင်ရိုးလူမျိုး

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများဆုံးနေထိုင်ကြပြီး ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များဖြစ်သော ပင်လောင်းမြို့နယ်၊  ဟိုပုံးမြို့နယ်နှင့်  ဆီဆိုင်မြို့နယ်တွင်လည်းကောင်း၊  တောင်ကြီး မြို့နယ်၊ ကလောမြို့နယ်နှင့် နမ့်စမ်မြို့နယ်တို့တွင် ပြန့်နှံ့နေထိုင်သည်။

ဓနုလူမျိုး

ရှမ်းပြည်နယ်မြေလတ်ပိုင်း၊ အရှေ့ပိုင်း၊ အင်းလေးကန်၏အရှေ့ဘက်၊ အနောက်ဘက် တောင်တန်းတကြောတွင်နေထိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ရွာငံနှင့် ပင်းတယမြို့ နယ်တို့တွင် အများဆုံးနေထိုင်ကြသည်။ ရှမ်းပြည်တောင်ပိုင်း ကလော၊ ရပ်စောက်၊ အောင်ပန်း၊ ရွာငံ ရေဦး၊ ပွေးလှ၊ ပင်းဒယ၊ ကျူံး၊ ပင်မှီ၊ ဘော်ဆိုင်း စသည်မြို့နယ်ကျေးရွာများတွင် နေထိုင်ကြသည်။

တအာင်း(ပလောင်)လူမျိုး

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံမြို့နယ်တို့ တွင်အများအပြား နေထိုင်ကြသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့နယ်၊ သိန်းနီမြို့နယ်၊ သီပေါမြို့နယ်၊ နောင်ချိုမြို့နယ်၊  ကွက်ခိုင်မြို့နယ်၊  မူဆယ်မြို့နယ်၊  နမ့်ခမ်းမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

မြောင်ဇီးလူမျိုး

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်နယ်၊ ဝနယ်နှင့် ကျိုင်းတုံနယ်တဝိုက်တွင် နေထိုင် ကြသည်။  နောင်ချိုမြို့နယ်၊ ဟိုပန်မြို့နယ်၊ လောက်ကိုင်မြို့နယ်၊  မိုးကုတ်မြို့နယ်၊  မိုင်းနောင်မြို့နယ်၊ ဝမ်းစိမ်းမြို့နယ်နှင့် လားရှိုးမြို့နယ်တို့တွင် အနည်းငယ်စီ အခြေချ နေထိုင်ကြ သည်။

ယင်းကြားလူမျိုး

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီး၊ မန်ဆန်နယ်၊ ပင်လုံမြို့နယ်အနီးတဝိုက် တောင်တန်း ဒေသ၊ ရှမ်းပြည်မြောက်ပိုင်း၊ မိုးနဲနယ်ရှိ သံလွင်မြစ်အနောက်ဘက် တောင်ကုန်းများနှင့် ကျိုင်းတုံ နယ်တို့တွင် ပြန့်နှံ့နေထိုင်ကြပါသည်။

ယင်းနက်လူမျိုး

ပင်လုံနယ်၊ မိုးနဲ၊ ကျေးသီး၊ မန်ဆန်နှင့် လဲခြားမြို့နယ် ကျေးရွာများတွင် နေထိုင်ကြသည်။

ရှမ်းကလေး(ထမန်)လူမျိုး

မြန်မာနိုင်ငံအထက်  ချင်းတွင်းခရိုင်၏မြောက်ဘက် ရှမ်း၊  ကချင်နှင့်  ချင်းနယ်​မြေတို့ဆုံရာ ဒေသတွင် နေထိုင်ကြသည်။ ထမန်လူဦးရေမှာ နည်းပါးလှပေရာ ထမန်းရွာဟူ၍ နာဂတောင်တန်း  ခရိုင်၊ ဟုမ္မလင်းနယ်တွင်  တစ်ရွာတည်းသာရှိ၏။  အထက်ချင်းတွင်းခရိုင်၏ မြောက်စူးစူးရှိ ရွာကလေးများ၌လည်း ထမန်းလူမျိုး အနည်းငယ်တွေ့ရသည်။

ထမန်းတို့သည်  ရှမ်းလူမျိုးများဖြစ်ကြပြီး  တစ်ချိန်က အင်းတော်ကြီးအိုင်ဖြစ်လာမည့်နေရာ  တွင်  စည်ခမ်းအမည်ရှိသည့်မြို့ကို  တည်ထောင်နေထိုင်ခဲ့ကြသည်။  စည်ခမ်းမြို့ရေအောက်ရောက် သွား ပြီးနောက် ကျန်ခဲ့သော  အဆက်အနွယ်များသည်  အနောက်ဘက်သို့ရွှေ့ပြောင်းသွားကြပြီး အခြားသူများနှင့် သွေးနှောခြင်းမပြုဘဲ (အခြားသူများကလည်း ယင်းတို့နှင့် သွေးနှောခြင်းမပြု) သီးခြား နေထိုင်ခဲ့ကြသည်။

လားဟူလူမျိုး

ဘီစီ(၆၀၀)ခန့်အထိ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် နေထိုင်ခဲ့ကြသည်။  လူဦးရေ များပြားလာသည်နှင့်အမျှ   ပြောင်းရွှေ့နေထိုင်လာခဲ့ကြရာ   မဲခေါင်မြစ်၊  သံလွင်မြစ်ကြောင်း အတိုင်း စုန်ဆင်းလာပြီး တရုတ်ပြည်တောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ထိုင်းနိုင်ငံနယ်စပ်ဒေသများသို့ ရောက်ရှိနေထိုင်ခဲ့ကြသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာကော်မှစ၍ ကျိုင်းတုံနယ် အရှေ့ဖျားတလျှောက်ရှိ ကျေးရွာတွင် လည်း နေထိုင်ကြသည်။

အင်းသားလူမျိုး

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တစ်ဝိုက်ကျေးရွာ များတွင် အများဆုံးနေထိုင်ကြပြီး ညောင်ရွှေ၊ တောင်ကြီးနှင့် ကယားပြည်နယ်တို့တွင် ပြန့်ကျဲ နေထိုင်ကြသည်။

 အိုက်ဆွယ်လူမျိုး

          သံလွင်မြစ်အရှေ့ဘက်ကမ်း ဝနယ်၊ မိုင်းမောမြို့အနီးတဝိုက်တွင် နေထိုင်ကြသည်။ တရုတ်နီ နယ်စပ်တွင် ပိုမိုများပြားလာသည်။

ပအိုဝ်းလူမျိုး

          ရှမ်းပြည်နယ်တွင် ဒုတိယလူဦးရေအများဆုံးဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုငအုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော ဟိုပုံး၊ ဆိဆိုင်နှင့် ပင်လောင်းတို့တွင် အများဆုံးနေထိုင်ကြသည်။

မြန်မာနိုင်ငံအောက်ပိုင်း သထုံခရိုင်၊ တောင်ငူခရိုင်၊ ပဲခူးခရိုင်၊ ဘားအံ့ခရိုင်၊  ကော့ကရိတ် မြို့နယ်နှင့် ကယားပြည်နယ်တို့တွင်လည်းနေထိုင်ကြသည်။

တိုင်းလွယ်လူမျိုး

ရှမ်းပြည်အရှေ့ပိုင်းခရိုင်၊ ကိုးကန့်နယ်အတွင်းပိုင်းနယ်၊ ကျိုင်းထုံမြောက်ပိုင်းနှင့် မိုင်းလုံအရှေ့ပိုင်း တောင်ပေါ်ဒေသများတွင် နေထိုင်ကြသည်။

တိုင်းလျမ်လူမျိုး

          မြန်မာပြည်အထက်ပိုင်း ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လယ်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘို(တာလောကြီး)၊ ဟိုပင်၊ ဟုမ္မလင်းနှင့် သောင်သွပ်ဒေသ၊ ဟောင်းပါး၊ လုံးခင်း၊ ဖားကန့်စသည့်ဒေသများနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသ များတွင် ကျယ်ပြန့်စွာ နေထိုင်ကြသည်။

မိုင်းသာလူမျိုး

          ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ ဗန်းမော်၊ မြစ်ကြီးနား၊ နမ်းခမ်းနှင့် ကျိုင်းတုံဒေသ၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နမ်းခမ်းနယ်၊ တရုတ်-မြန်မာနယ်ခြားကျောက်တိုင်အမှတ် (၄၂)  အနီး ရွှေလီမြစ် ဝဲယာ ကမ်းတစ်လျှောက်တွင် အများဆုံးအခြေစိုက်နေထိုင်ပြီး တရုတ်နိုင်ငံ ယူနန်နယ်အတွင်း၌လည်း နေထိုင်ကြသည်။

မောရှမ်း(မြောက်ပိုင်းရှမ်း)လူမျိုး

ရှမ်းပြည်မြောက်ပိုင်း၊ မြောက်သိန္နီ၊ တောင်သိန္နီ၊ သီပေါ၊ မိုးမိတ်၊ လားရှိုးနှင့် အရှေ့မြောက် နယ်စပ်တွင် နေထိုင်ကြသည်။

ဝလူမျိုး

          ကိုးကန့်နယ်၊ ဝနယ်နှင့် ကျိုင်းထုံနယ်များတွင် အများဆုံး နေထိုင်ကြသည်။ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသ နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတို့တွင် ပြန့်နှံ့နေထိုင်ကြသည်။

အထင်ကရနေရာများ

ထမ့်စမ်းဂူ သည် ပင်လယ်ရေမျက်နှာပြင်အထက်(၁၈၀ဝ)မီတာ၊ တောင်ကြီးမြို့မှ (၄၈)ကီ လိုမီတာအကွာတွင်တည်ရှိပြီး ဦးပဉ္စင်းတစ်ပါးတွေ့ခဲ့သော ကြီးမားထည်ဝါလှသည့် ထုံးကျောက် ဂူတစ်ဂူဖြစ်ပါသည်။ ဂူအမြင့်မှာ ၁၀ပေရှိကာဂူထဲတွင် နှစ်သန်းပေါင်းများစွာ အချိန်ယူဖြစ်ပေါ် လာရသော အလွန်လှပသည့်ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်များဖြင့် ပြည့်နက်နေပါ သည်။ ထို့ကြောင့် ဤရှားပါးထူးခြားလွန်းသည့် ထမ့်စမ်းဂူသည် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများ နှင့် လိုဏ်ဂူပညာရှင်များ၏ စိတ်ဝင်စားရာနေရာတစ်ခုဖြစ်ပါတော့သည်။
ပင်းတယဂူ ထဲတွင် အရွယ်အစား၊အမျိုးအစားစုံလင်သော ဗုဒ္ဓဆင်းတုတော်များစွာကို တွေ့မြင်နိုင်ပါသည်။ ဆင်းတုတော်ပေါင်း(၈၀၉၄)ဆူရှိကာ တစ်ချို့မှာ ရာစုနှစ်ပေါင်းများစွာ ကပင် ရှိနေသောရုပ်ပွားတော်များဖြစ်ပြီး တစ်ချို့မှာ မကြာသေးမီကာလတွင်မှ ပူဇော်ထားသော ရုပ်ပွားတော်များဖြစ်သည်။ ဤလိုဏ်ဂူမှာ ဗုဒ္ဓဆင်းတုတော်များစွာ တည်ထားကိုးကွယ်ရာ သာသနာ့မြေဖြစ်သောကြောင့် အထွတ်အမြတ်ထားရာနေရာဖြစ်ပါသည်။
ပြဒါးလင်းဂူ သည် ကျောက်ခေတ်နှောင်းကာလ၏ ယဉ်ကျေးမှုလက်ရာပေါင်းများစွာ ရှိသည့်ဂူဖြစ်ပါသည်။ ဂူနှစ်လုံးပါဝင်ပြီး တစ်လုံးနှင့်တစ်လုံး မီတာ(၃၀)ကွာဝေးပါသည်။ ဂူထဲ တွင် ကျောက်ထွင်းနံရံများ၊ နံရံဆေးရေးပန်းချီကားများနှင့် အရိုးဖြင့်ပြုလုပ်ထားသော လက်နက်များ၊ ကျောက်ဖြင့်ပြုလုပ်ထားသော လက်နက်ကိရိယာများကို တွေ့နိုင်ပါသည်။
မွန်တဝဂူ သည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက တောင်နံရံပေါ်တွင် ဖြစ်ပေါ်ခဲ့ သောဂူဖြစ်ပါသည်။တောင်ကြီးမြို့မှ (၃)ကီလိုမီတာအကွာတွင်တည်ရှိပြီး ကားဖြင့် အလွယ် တကူသွားရောက်နိုင်ပါသည်။ ဗုဒ္ဓဆင်းတုတော်ပေါင်း(၁၀ဝဝ)ကျော်ရှိ၍ ဂူအဝင်ဝသည် ကျဉ်း မြောင်းကာ အထဲတွင်နက်စောက်ကျယ်ပြန့်သွားသည်။ ဂူအနက်မှာလည်း တိုင်းတာနိုင်ခြင်းမရှိ သေးသောကြောင့် လည်ပတ်ရန်စိတ်ဝင်စားစရာကောင်းသောဂူဖြစ်ပါသည်။
ရှမ်းပြည်နယ်၏မြို့တော်တောင်ကြီးမြို့သည် အေးချမ်းသာယာ၍ ရာသီဥတုကောင်း သောကြောင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ညအိပ်အပန်းဖြေရာမြို့ဖြစ်ပါသည်။ ပွဲတော် ကာလများတွင် လူစည်ကားသောမြို့ဖြစ်ပါသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် မြို့ထဲရှိ ဘုရားများသို့လည်ပတ်နိုင်သလို ပွဲတော်များတွင်လည်း ပါဝင်ဆင်နွှဲနိုင်ပါသည်။ တောင်ကြီးဈေးတွင် ရှမ်းရိုးရာယဉ်ကျေးမှုကိုထင်ဟပ်စေသော ပစ္စည်းများစွာလည်း ရရှိနိုင်ပါ သည်။
လားရှိုးမြို့သည် ဒုတိယကမ္ဘာ့စစ်ပွဲတွင် အင်္ဂလိပ်လူမျိုးများတည်ဆောက်ခဲ့သော လားရှိုး လမ်းမကြီးကြောင့် ထင်ရှားသောမြို့ဖြစ်ပါသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ရှမ်းပြည်၏လှပစိမ်းစိုသောရှုခင်းများ၊ လတ်ဆတ်သန့်ရှင်းအေးမြသောလေတို့ကို ကားဖြင့်သော် လည်းကောင်း၊ တောင်ပေါ်လမ်းမှရထားဖြင့်သော်လည်းကောင်း ခံစားနိုင်ပါသည်။ လားရှိုးမြို့ အနီးနားရှိရေပူစမ်းများတွင်လည်း အပန်းဖြေအနားယူနိုင်ပါသည်။

 

ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်း

ရှမ်းပြည်နယ်တောင်ပိုင်း

ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင် ကြီးခရိုင်၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင် ဟူ၍ ခရိုင်သုံးခုပါဝင်သည်။ တောင်ကြီးခရိုင် တွင် ၁၀ မြို့နယ်၊ လွိုင်လင်ခရိုင်တွင် ခုနစ်မြို့ နယ်နှင့် လင်းခေးခရိုင်တွင် လေးမြို့နယ် ခရိုင် ချုပ်မြို့နယ်ပေါင်း ၂၁ မြို့နယ် ပါဝင်သည်။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် တွင် တောင်ကြီး၊ ညောင်ရွှေ (အင်းလေး)၊ ကလော၊ ဖယ်ခုံ၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့မှာ ထင်ရှားသည်။ လွိုင်လင်ခရိုင်တွင် ပင် လုံ၊ မိုင်းရှူးနှင့် ကွန်ဟိန်းတို့မှာ ထင်ရှားသည်။ လင်းခေးခရိုင်တွင် မိုးနဲနှင့် ကျိုင်းတောင်းမှာ ထင်ရှားသည်။

ကမ္ဘာကျော် ထင်ရှားနေရာဒေသများ

ညောင်ရွှေဒေသသည် ရှေးနှစ်ထောင် ပေါင်းများစွာကပင် တည်ရှိခဲ့သော မြို့တော် ဟောင်း အများအပြားတည်ရှိသည်။ အင်း လေးကန်သည် နိုင်ငံတကာအဆင့် ထိန်းသိမ်း ရေးနယ်မြေများအဖြစ် လေးကြိမ် သတ်မှတ်ခံ ထားရပြီး ၎င်းင်းတို့မှာ (၁) ၂၀၀၃ ခုနှစ်တွင် အာ ဆီယံအမွေအနှစ်ဥယျာဉ် (ASEAN Heritage Park))၊ (၂) ၂၀၀၄ ခုနှစ်တွင် အရေးပါသည့် ငှက်မျိုးစိတ်နှင့် ဇီဝမျိုးစုံမျိုးကွဲနယ်မြေ (Important Bird and Biodiversity Area-IBA)၊ (၃) ၂၀၁၅ ခုနှစ်တွင် ယူနက်စကို၏ လူသားနှင့် ဇီဝအဝန်းနယ်မြေအစီအစဉ် (UNESCO Man and the Biosphere Re-serve Programme- MAB) တွင် ပါဝင်သည့် အင်းလေးကန်ဇီဝအဝန်းနယ်မြေ (Biosphere Reserve) တို့အဖြစ် သတ်မှတ်ခံထားရပြီး ဖြစ် သည်။

 ယခု ထပ်မံအတည်ပြုသတ်မှတ်ခံရသည့် နိုင်ငံတကာ အရေးပါသည့် ရေဝပ်ဒေသ (ရမ် ဆာထိန်းသိမ်းရေးနယ်မြေ) သည် အင်းလေး ကန်ကြီးအတွင်းရှိ ငှက်မျိုးစိတ်များ၊ ငါးမျိုးစိတ် များ အဓိကပေါက်ပွားရာ နေရင်းဒေသနှင့် ဆောင်းခိုငှက်များ ကျရောက်ကျက်စားရာ နယ်မြေများပါဝင်နေသည့် ညောင်ရွှေမြို့နယ် အပိုင်း အင်းလေးကန်ရေပြင်ဧရိယာနှင့် သဘာဝ ကျွန်းမျောဧရိယာများပါဝင်ပြီး စုစုပေါင်း ဧရိ ယာ ၁၄၃၂၆ ဒသမ ၁၈ ဧက၊ ၅၇၉၇ ဒသမ ၆ ဟက်တာကို ရမ်ဆာထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည် နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ကလောမြို့နယ်သည် တောင်စဉ်တောင် တန်းများဖြင့် ရှုခင်းလှပပြီး နိုင်ငံခြားသားခရီး သွားဧည့်သည်များ ဒုတိယအများဆုံး လာ ရောက်လည်ပတ်သောနေရာဖြစ်သည်။ ကလောမြို့သည် အနည်းငယ်ကျဉ်းသော တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်ပြီး ကိုလိုနီ ခေတ် အငွေ့အသက်များ ထုံမွှမ်းနေပြီး ထင်း ရှူးမြို့တော်ဟုလည်း တင်စားခေါ်ဝေါ်ကြ သည်။

 

တောင်ကြီးမြို့နယ်တွင် ထူးခြားသော နေရာများစွာရှိပါသည်။ တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့တွင် ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ် ကက္ကူမွေတော် စေတီ တော်စုများမှာ မူလလက်ရာအတိုင်း ဆက် လက်ထိန်းသိမ်းရန်လိုအပ်သည်။

တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ အရိပ်မပေါ်မွေတော်ဘုရားတည်ရှိရာ လွယ် မိုင်းစဉ်တောင်တော်မှာ ထူးခြားသည်။ တောင် ကြီးအရှေ့ဘက်ရှိ နဂါးတောင်တန်းများမှာ ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ် စရာ နေရာများဖြစ်ပေသည်။

 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်ဟူ၍ ပါဝင် ပေသည်။ ရွာငံမြို့နယ်တွင် ကမ္ဘာဦးကျောက် ခေတ်လူသားများ နေထိုင်ခဲ့ရာ ကျောက်ခေတ် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ပြဒါးလင်းဂူ အမှတ် (၁) နှင့် အမှတ် (၂) ဟူ၍ ကမ္ဘာ့အမွေအနှစ်များ တည်ရှိပေသည်။ ထို့ ပြင် ရွာငံမြို့နယ်တွင် ရေတံခွန်စိမ့်စမ်းများ၊ သဘာဝလိုဏ်ဂူကြီးများ၊ တောတောင် ကျောက်တောင်ကြီးများ စသည်ဖြင့် လူမသိ သေးသော နေရာဒေသများစွာ ကျန်ရှိသေး သဖြင့် အပျိုစင်ဒေသဟုပင် ခေါ်နိုင်ပေသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်းဟူ၍ မြို့နယ်သုံး ခု ပါဝင်သည်။ ဟိုပုံးမြို့နယ်တွင် အမြင့်ဆုံး သော လွယ်မိုင်းတောင်တည်ရှိပြီး မဲနယ် တောင်ဒေသတွင် ရှေးဟောင်းနှစ်တစ်ရာ ကျောင်း တည်ရှိသည်။ ကျောက္ကချားကျေးရွာ မှာ ကျောက္ကချား ဘုန်းတော်ကြီးကျောင်းဟု ခေါ်သလို နမ့်ဟုတ်ကျောင်းလို့ ခေါ်တွင်သည့် သက်တမ်းနှစ်တစ်ရာကျော် ကြာမြင့်ပြီဖြစ် သော သစ်သားကျောင်းဆောင်ကြီး ယနေ့တိုင် အထင်အရှား တည်ရှိနေပါသည်။ ပင်လောင်းတွင် လူသိနည်းသော ဟား ရေတံခွန် တည်ရှိသည်။

ဟိုက်ပါ ရေတံခွန်

ဟိုက်ပါရေတံခွန်သည် ရှမ်းပြည်တောင် ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် ဟိုက်ပါ ကျေးရွာ၏ အနောက်တောင်ဘက်တွင် တည် ရှိသည်။ အရှေ့တောင်အာရှတွင် အလှပဆုံး သော ရေတံခွန်ကြီးအဖြစ် ထင်ရှားကျော်ကြား သည်။ ရေတံခွန်ပုံစံမှာ အဆင့်ဆင့် အထပ် ထပ်ဖြင့် လှပစွာမြင်တွေ့ရပြီး ဟိုက်ပါရေ တံခွန်သည် နမ့်ပန်ချောင်းပေါ် တည်ရှိကာ အဆင့်ပေါင်း ၁၁ ဆင့် ရှိသည်။ မြန်မာ့သမိုင်းတစ်လျှောက် ထင်ရှားသော ကျောက်မျက်ရတနာ များထွက်ရှိရာဒေသ မိုင်းရှူးတောင်ပေါ် ဝမ် ကန်ဒေသ သည် မိုင်းရှူးကျောက်မျက်ရတနာ ဒေသအဖြစ် ထင်ရှားလှသည်။ မိုင်းရှူးမြို့သည် တောင်ခြေတွင်တည်ရှိပြီး ကျောက်မျက် ရတနာထွက်ရှိသော တောင်ပေါ်တက်ရန် မော်တော်ဆိုင်ကယ်များဖြင့် ငှားရမ်းတက်ရ သည်။ မိုင်းရှူးတောင်ပေါ် ဝမ်ကန်ဒေသတွင် ကျောက်မျက်ရတနာများ တူးဖော်နေသော မှော်ကျင်းများကို လေ့လာနိုင်သည်။ မိုင်းရှူး တွင် ကျောက်မျက်ရတနာမျိုးစုံ ထွက်ရှိသည်။ မြန်မာနိုင်ငံတွင် ပတ္တမြား ထွက်ရှိရာ ဒေသနှစ် ခုမှာ မိုးကုတ်နှင့် မိုင်းရှူးတို့ပင် ဖြစ်သည်။

နမ့်စန်မြို့နယ်ရှိ ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီး

နှီးဘုရားများစွာထဲကမှ မြန်မာနိုင်ငံမှာ သာမက ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်သည့် နှီးဘုရားကြီး ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန် မြို့နယ်ထဲမှာ ထူးခြားအံ့ဖွယ် တည်ရှိနေပါ သည်။ ထိုနေရာက ရှမ်းပြည်တောင်ပိုင်း လွိုင် လင်ခရိုင် နမ့်စန်မြို့ မတ်ကျန်းဒေသ ပန်လင်း ဆိုင်တွင် ထူးခြားဆန်းပြားလှသော ဗုဒ္ဓဂယာ ပုံစံတူ ဘုရားဖြူနှင့် ကမ္ဘာ့အကြီးဆုံး နှီးဘုရား ကြီး တည်ရှိခြင်း ဖြစ်သည်။ တကယ်တမ်း ကမ္ဘာ့အကြီးဆုံး နှီးဘုရား ကြီးအဖြစ် ကမ္ဘာ့ဂင်းနစ် စံချိန်တင်နိုင်မည် ဆိုပါက မြန်မာမှာသာမက ကမ္ဘာကပါ စိတ် ဝင်စားပြီးတော့ ရှမ်းတောင် မတ်ကျန်းဒေသ ဟာလည်း ထင်ရှားလာမည်အမှန်ပင်ဖြစ် သည်။

မတ်ကျန်းဒေသရှိ လာဘသိဒ္ဓိစေတီ တော်ကြီးအနီးတွင် ကမ္ဘာ့အကြီးဆုံး ဇိနရဋ္ဌ တေဇမုနိ နှီးဘုရားကြီးကိုလည်း ၂၀၁၉ မတ် ၂၀ ရက်တွင် စတင်ရက်လုပ်ပူဇော်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင် ၂ ရက်တွင် ပြုလုပ်ပြီးစီးခဲ့ကာ အချိန်သုံးလကျော် ပြုလုပ်ရကြောင်း ဦး ဆောင်ဆရာတော် ဦးဝိမလပုထိက မိန့်သည်။ အဆိုပါဦးဆောင်ဆရာတော် ဦးဝိမလပုထိ ဦးဆောင်မှုဖြင့် သံဃာတော်ပေါင်း ၁၇ ပါး ကျော်ဖြင့် ပန်လင်းဆိုင် ရွာသူရွာသား ၁၀၀၀ ကျော်တို့က ၀ါးခွဲခြင်း၊ နှီးသယ်ခြင်း၊ နှီးဖျာခြင်း လုပ်ငန်းများကို ညီညီညာညာနှင့် စုပေါင်း တည်ဆောက်ခဲ့ရသည်။

ကွန်ဟိန်းမြို့

လူသိနည်းနေပြီး ထင်ရှားသော နေရာ အများအပြား ရှိသည်။ ကွန်ဟိန်းသည် ရှမ်း ဘာသာစကား ကျွန်းတစ်ထောင်ဟု အဓိပ္ပာယ် ရသည်။ ကွန်ဟိန်းတွင် လည်ပတ်စရာ (၁) ကုန်အော်ကျွန်း၊ (၂) တာကော်ရှေး‌ဟောင်း ဘုရား၊ (၃) ဟိုလင်းတန်ခိုးကြီးဘုရား၊ (၄) နမ့် ပန်ချောင်း၊ (၅) သံလွင်မြစ်တို့ရှိသည်။ နမ့်ပန် ချောင်းတစ်လျှောက် နမ့်ပန်နှင့် သံလွင်မြစ်ဆုံ နေရာသည် အရှေ့တောင်အာရှတွင် အလှဆုံး နေရာဖြစ်သဖြင့် ယခင်က ပြည်ပခရီးသွားများ ကနူးလှေ လာရောက်လှော်ခတ်ကြကြောင်း သိရသည်။   

  

မိုးနဲဘုရားများ

ရှမ်းပုဂံဟု တင်စားခေါ်ဝေါ်ကြသော မိုးနဲဒေသတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ် စေတီပုထိုးပေါင်း မြောက်မြားစွာ တည် ရှိသည်။ မိုးနဲမြို့နယ်သည် လင်းခေးခရိုင် မြောက်ဘက်ပိုင်းတွင်တည်ရှိပြီး မိုးနဲမြို့နယ် မြောက်ဘက်တွင် ကျိုင်းတောင်းမြို့ ရှိသည်။ ကျိုင်းတောင်းရေတံခွန်ရှိ ရေဆင်းဧရိယာ အခြေပြု၍ ကျိုင်းတောင်းရေအားလျှပ်စစ် စက်ရုံစီမံကိန်းကို ၂၀၀၄ ခုနှစ်တွင် စတင်အ ကောင်အထည်ဖော်ခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲ မြို့သည် အညာဒေသရှိ စေတီပုထိုးပေါင်းရှစ် သောင်းလေးထောင်ကျော်တည်ရှိသော ပုဂံ ဒေသကဲ့သို့ ပုံစံတူ ဘုရားစေတီများပြည့်နှက် နေသော မြို့တစ်မြို့ဖြစ်သည့်အတွက် ရှမ်း ပုဂံဒေသဟုလည်း တင်စားခေါ်ဝေါ်ကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့တွင် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ သော စေတီတော်ပေါင်း ၄၄၇ ဆူရှိကြောင်း သိရသည်။ အစားထိုးမရသော ရှေးဟောင်းယဉ်ကျေးမှုရိုးရာအမွေအနှစ်များကို ဆက် လက်ထိန်းသိမ်းရန်လိုအပ်ပြီး မြန်မာ့ရှေး ဟောင်းအမွေအနှစ်ဒေသအဖြစ် သတ်မှတ် ရန်လိုအပ်သည်ဟု ဒေသခံများက ဆန္ဒရှိနေ ကြသည်။

မိုးနဲမြို့ရှိ ရှေးဟောင်းစေတီတော်များ သည် ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက်ယခုအခါ တစ်စစ ပြိုပျက်လာရ ကြောင်း သိရသည်။ လင်းခေးခရိုင်အတွင်း ပါဝင်သော လင်းခေး၊ မိုးနဲ၊ မောက်မယ်နှင့် မိုင်းပန် စသည့် မြို့နယ်လေးခုတို့သည် ပြည် ပခရီးသည်များ လေ့လာလည်ပတ်နိုင်ခြင်း မရှိသော မြို့များတွင် ပါဝင်ပြီး နယ်မြေလုံခြုံ ရေးအရ ကန့်သတ်ထားခြင်းဖြစ်သည်။

ကမ္ဘာကျော်တဲ့ ရိုးရာပွဲတော်များ

အင်းလေးဖောင်တော်ဦးရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီအပူဇော်ခံပွဲ

တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်

ရှမ်းပြည်နယ်အတွင်းရှိ ထင်ရှားသော ပွဲတော်များမှာ အင်းလေးဖောင်တော်ဦးရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီအပူဇော်ခံ သော ပွဲတော်၊ တောင်ကြီးတန်ဆောင်တိုင်ရိုး ရာမီးပုံးပျံပွဲတော်တို့မှာ လူသိများ ထင်ရှား ကျော်ကြားသည်။ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင် တော်ဦး ရုပ်ပွားတော်မြတ်များ ဒေသစာရီကြွ ချီအပူဇော်ခံသော ပွဲတော်ကြီးသည် ရှမ်းပြည် နယ်တွင် ရက်အရှည်ကြာဆုံးပွဲတော်ကြီးတစ် ခုဖြစ်ပြီး ရှေးနှစ်ထောင်ပေါင်းများစွာကပင် စတင်ကျင်းပလာသည်ဟု ဒေသခံများက ယုံ ကြည်ကြသည်။ ထိုသို့ လှည့်လည်အပူဇော်ခံရာ တွင် သီတင်းကျွတ်လဆန်း ၁ ရက်မှ စတင်၍ လပြည့်ကျော် ၃ ရက်အထိ အင်းလေးဒေသ ၂၁ ဌာနကို ရက်ပေါင်း ၁၈ ရက်တိုင် လှည့် လည်အပူဇော်ခံခြင်းဖြစ်သည်။ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံး ပျံပွဲတော်ကြီးသည် မြန်မာတွင်သာမက ကမ္ဘာ မှာပါ နာမည်ကျော်ကြားသော ရိုးရာပွဲတော် တစ်ခု ဖြစ်ပေသည်။ ထိုမီးပုံးပျံပွဲတော်သို့ ပြည် တွင်းရော ပြည်ပခရီးသွားဧည့်သည် အများ အပြား လာရောက်ကြည့်ရှုလေ့ရှိပြီး တောင် ကြီးမီးပုံးပျံကြီးများအတိုင်း လိုက်လံတုပ၍ ပြုလုပ်လွှတ်တင်သော မြို့များနှင့် နိုင်ငံများ လည်း ရှိနေသည်ကို သိပြီးဖြစ်ပေသည်။ ရှမ်း ပြည်နယ်တွင် ရှေးနှစ်ထောင်ပေါင်းများစွာ ကပင် မီးပုံးပျံလွှတ်တင်ခြင်းဓလေ့ရှိခဲ့သည်။  တောင်ကြီးမီးပုံးပျံပြိုင်ပွဲအစ ဂတ်တဲပွဲကဟု လည်းကောင်း၊ တောင်ကြီးမီးပုံးပျံကြီးအစ ကုန်းသာကျောင်းကဟုလည်းကောင်း ဆိုရိုး စကားရှိပါသည်။ ကုန်းသာကျောင်းမီးပုံးပျံကြီး ကို သက္ကရာဇ် ၁၃၀၃ ခုနှစ်၊ တန်ဆောင်မုန်းလ ပြည့်၊ ခရစ်နှစ် ၁၉၄၁ ခုနှစ်၊ နိုဝင်ဘာ ၂ ရက် တနင်္ဂနွေနေ့တွင် လွှတ်တင်ခဲ့ကြောင်း မှတ် တမ်းအရ သိရသည်။ ထိုမီးပုံးပျံကြီးမှာ ကမ္ဘာ့ အကြီးဆုံး မီးပုံးပျံကြီးဟုပင် ခေါ်ဝေါ်နိုင် လောက်အောင် ကြီးမားသည်။ မီးပုံးပျံကြီး သည် ခေါင်အချင်း ပေ ၅၀ နီးပါးရှိပြီး မီးစာ ကြီးမှာ ၁၀ ပေနီးပါးရှိသည်။ ထိုမီးပုံးပျံကြီးကို ဆရာတော်ဦးစီးမှုဖြင့် ဒကာဒကာမများက စု ပေါင်းပြုလုပ်ပေးခြင်းဖြစ်ကာ တစ်လခန့် အချိန်ယူလုပ်ရပြီး ပိတ်ဖြူအုပ်ပေါင်း ၄၀ နီးပါး ကုန်ကျကြောင်း သိရသည်။

တောင်ကြီးမီးပုံးပျံပြိုင်ပွဲအစမှာ တောင် ကြီးမြို့ ပျက်ပြီးနောက် ၁၉၄၅ ခုနှစ်တွင် မဟာ မိတ်စစ်အောင်ပွဲသဘင် အထိမ်းအမှတ် အနေ ဖြင့် အာဝါဒေးပွဲကို ဂါတ်တဲဝင်းအတွင်း ကျင်း ပသောကြောင့် ဂါတ်တဲပွဲဟု ခေါ်ကြခြင်းဖြစ် ကြောင်း သိရသည်။ ခရစ်နှစ် ၁၉၄၅ ခုနှစ် နို ဝင်ဘာ ၁၉ ရက် သက္ကရာဇ် ၁၃၀၇ ခုနှစ် တန် ဆောင်မုန်းလပြည့် တနင်္လာနေ့တွင် ကျင်းပ ခြင်းဖြစ်သည်။ အဆိုပါနေ့စွဲသည် မီးပုံးပျံပြိုင်ပွဲ စတင်ကျင်းပသော နေ့ရက်ဟုလည်း ဆိုနိုင် သည်။ ယနေ့ခေတ်တွင်မူ ရိုးရာမီးပုံးပျံကြီး များမှာ နေ့လွှတ်အရုပ်နှင့် ညလွှတ်မီးပုံးပျံဟု အကြမ်းဖျင်းနှစ်မျိုးရှိသည်။ ညလွှတ်မီးပုံးပျံ တွင် ယမ်းမီးရောင်စုံအလှအပဖြင့် ဖော်ကျူး ထားသော ညမီးကြီး (ခေါ်) မီးကျည်တစ်မျိုး၊ မီးပုံးငယ်လေးများဖြင့် အလှဆင်ထားသော စိန်နားပန်မီးပုံးပျံတစ်မျိုးဟူ၍အမျိုးအစား နှစ်မျိုး လွှတ်တင်ပြိုင်ပွဲဝင်ကြခြင်းဖြစ်သည်။ ညလွှတ်မီးပုံးပျံကြီးများမှာ ပျမ်းမျှအားဖြင့် ခေါင်အချင်းပေ ၂၀ ကျော် မြင့်ပြီး ရှမ်းစက္ကူ (မှိုင်းကိုင်စက္ကူ) ဖြင့် ပြုလုပ်ထားခြင်း ဖြစ် သည်။  ရှမ်းပြည်နယ်ရိုးရာ တောင်ကြီးတန် ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးကို နိုင်ငံတစ် ဝန်းမှ လာရောက်ကြည့်ရှုကြပြီး လူဦးရေ သန်း ကျော်သည် အထိ လာရောက်လည်ပတ်ကြကာ စည်ကားသော ပွဲတော်တစ်ခုလည်းဖြစ်သည်။ တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲ တော်ကြီးကို ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့ အမွေအ နှစ် စာရင်းဝင်နိုင်စေရန် အတွက် ယူနက်စကို ထံ တင်ပြခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါဆိုး ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ပွဲတော် မကျင်းပ နိုင်ဘဲ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း

ကမ္ဘာကျော်ဂုတ်ထိပ်တံတား (နောင်ချိုမြို့)

နောင်ချို တိမ်ပင်လယ်

ဒုဋ္ဌာဝတီမြစ်အနီး ရေပြန်ကြီးရေတံခွန်

ရှမ်းပြည်မြောက်ပိုင်းတွင် ထင်ရှားသော မြို့တော်မှာ နောင်ချိုမြို့နယ်ဖြစ်သည်။ နောင် ချိုမြို့နယ်သည် နောင်တစ်ချိန်တွင် ခရီးသွား မြို့တော်ဖြစ်လာနိုင်ရန် အလားအလာများစွာ ရှိပြီး သွားလာလည်ပတ်နိုင်ရန် ရှုခင်းကောင်း များစွာရှိသည်။ နောင်ချိုရှိ တိမ်ပင်လယ်နှင့် ဂုတ်ထိပ်တံတားတို့မှာ အထူးကျော်ကြား သည်။ ထို့ပြင် စွန့်စားသွားလာလိုသူများ၏ ခရီးစဉ်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အတွင်းရှိ ဒုဋ္ဌာဝတီမြစ်အထက်ပိုင်း ရေပြန် ကြီး ရေတံခွန်ခရီးစဉ်နှင့် ဒုဋ္ဌာဝတီမြစ်အောက် ပိုင်းရှိ ပြောင်လျှိုကြီး၊ ပြောင်လျှိုလေးမြစ်ကျဉ်း ခရီးစဉ်တို့မှာလည်း သည်းထိတ်ရင်ဖို စွန့်စား သွားလာသူများ နှစ်ခြိုက်စေနိုင်မည့် ခရီးစဉ် များအဖြစ် ဖော်ဆောင်ထားကြောင်း သိရ သည်။ နောင်ချိုမြို့နယ် ဒုဋ္ဌာဝတီ တံတားတွင် မော်တော်ယာဉ်ကို ရပ်နားပြီး မြစ်အထက်ပိုင်း စက်လှေဖြင့် သွားလာရာတွင် ရေပြန်ကြီးရေတံ ခွန်ကို လှပစွာရှုမြင်ခံစားနိုင်ကြောင်း သိရ သည်။ ထို့ပြင် ကွတ်ခိုင်တွင် လွယ်ဆမ်ဆစ်နှင့် သီပေါမြို့တို့မှာ ခရီးသွားအများအပြား လာ ရောက်သော ဒေသများဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ် တာ ချီလိတ်မြို့နယ်သည် ခရီးသွားအများအပြား ဝင်ရောက်သော နေရာတစ်ခုဖြစ်ပြီး စည်ကား သည်။  ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံတွင် သစ် တစ်ပင်တောင်၊ လွိုင်မွေ နှစ်တစ်ရာအိမ်၊ ရှေး ကျသော မြေကြီးများဖြင့် ဆောက်ထားသော အိမ်များရှိသော ကျေးရွာတို့မှာ ထင်ရှားသည်။ ကျိုင်းတုံမြို့နယ် လွယ်တိုင်းရင်းသားများ နေ ထိုင်ရာ ဝမ်ဆိုင်းရွာသည်လည်း ခရီးသွားလုပ် ငန်းမြှင့်တင်ရန် လျာထားသော ကျေးရွာ ၁၀ ရွာစာရင်းတွင် ပါဝင်ကြောင်း သိရသည်။ မိုင်းယောင်းမှာဆိုလျှင် ထပ်လုံရှေး ဟောင်းစေတီ၊ စွန်ဟိန်းဂူရှိသည်။ မိုင်းဖြတ် နှင့် မိုင်းယောင်းအကြားတွင် တည်ရှိသည်။

ထင်ရှားသော တိုင်းရင်းသားများ

ကရင်နီမျိုးနွယ် (ခေါ်) ကယန်းတိုင်းရင်း သားတစ်မျိုးဖြစ်သည့် ပဒေါင်ဟုခေါ်သော ကယန်းလဝီ (ပဒေါင်) တိုင်းရင်းသားမျိုးနွယ်စု သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများစု နေထိုင်ကြသည်။

ပဒေါင်ဟုခေါ်သော ကယန်းတိုင်းရင်း သားများ သည် အခြားအရှေ့တောင်အာရှ နိုင်ငံများတွင်လည်း ပျံ့နှံ့နေထိုင်ကြပြီး ကမ္ဘာ လှည့် ခရီးသွားဧည့်သည်များ အထူးစိတ်ဝင် စားခြင်းခံရသော တိုင်းရင်းသားတစ်မျိုးလည်း ဖြစ်သည်။

မိုးဗြဲမြို့နယ်တွင် ကယန်းတိုင်းရင်းသား ရှစ်သောင်းကျော် အများဆုံးနေထိုင်ကြပြီး ရှမ်းတိုင်းရင်းသား တစ်သောင်းကျော်၊ မြန်မာ ငါးထောင်ကျော်၊ ပအိုဝ်းနှင့် အင်း ၂၀၀၀ ကျော်ရှိပြီး တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြ သည်။

မိုးဗြဲ၏ ထူးခြားချက်မှာ ကယန်းလူမျိုး (ပဒေါင်) တိုင်းရင်းသားများ အများစုနေထိုင် ကြသဖြင့် ကမ္ဘာမှာပါ ထင်ရှားသော ကယန်း (ပဒေါင်) တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ ကို လေ့လာနိုင်ပါသည်။ လည်ပင်း ကြေးကွင်း စွပ်ထားသော ပဒေါင်တိုင်းရင်းသားဟု လူသိ များသော ကယန်းလူမျိုး (ပဒေါင်) တိုင်းရင်း သားများသည် ရှမ်းပြည်တောင်ပိုင်းတွင် ၄၀၀၀၀ ကျော်၊ ကယားပြည်နယ်တွင် ၂၀၀၀၀ ကျော်နေထိုင်ကြကာ လူဦးရေ ၁၃၀၀၀၀ ကျော်သာရှိပြီး ထိုင်း၊ ဗီယက်နမ်၊ အမေရိကန်၊ မင်နီဆိုးတားပြည်နယ်တို့တွင် ပျံ့နှံ့နေထိုင်ကြ သည်။ ကယန်းလူမျိုးသည် တောင်ပေါ်ဒေသ တွင်နေထိုင်သော လူမျိုးဖြစ်ပြီး ကရင်နီလူမျိုး စုနွယ်ဝင် လူမျိုးစုခွဲတစ်ခုဖြစ်ကာ ကယန်း လထာ၊ ကယန်းကငံ၊ ကယန်းလဝီ (ပဒေါင်)၊ ကခေါင်ဟူ၍ လူမျိုးစုခွဲများရှိသည်။

လူနည်းစု တိုင်းရင်းသားဓလေ့များ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပျောက် ကွယ်ရန်စိုးရိမ်ရသော လူနည်းစုတိုင်းရင်းသား များအဖြစ် လူဦးရေ လေးထောင်ကျော်ခန့်သာ ကျန်တော့သည့် ထနော့တိုင်းရင်းသားမျိုး နွယ်စုများ နေထိုင်ကြသည်။ ထို့ပြင် ရှမ်းတောင်၊ နမ့်စန်မြို့နယ်တွင် ပျောက်ကွယ်ရန်စိုးရိမ်ရသော လူနည်းစုတိုင်း ရင်းသားတစ်မျိုးဖြစ်သည့် ယင်းကြား၊ ယင်း နက်တိုင်းရင်းသားများလည်း နေထိုင်ကြ သည်။ ရှမ်းပြည်နယ်မှာ လူနည်းစုဖြစ်နေသည့် တိုင်းရင်းသား ၁၀ မျိုးထက်မနည်းရှိကြောင်း စာရင်းအရ သိရသည်။

အဆိုပါ လူနည်းစု တိုင်းရင်းသားမျိုး နွယ်စုများမှာ (၁) တရဲ(တိုင်းလိုင်) လူမျိုး၊ (၂) ထနော့လူမျိုး၊ (၃) ယင်းကျားလူမျိုး၊ (၄) ယင်း နက်လူမျိုး၊ (၅) မြောင်ဇီး(ခ) မှုန့်လူမျိုး၊ (၆) ကွီလူမျိုး၊ (၇) ဖျင်လူမျိုး၊ (၈) အိုက်စွယ်လူမျိုး၊ (၉) အဲန်လူမျိုးစု၊ (၁၀) လားဟူကော်နဲ စသည် ဖြင့် အခြားတိုင်းရင်းသားများလည်း ကျန်ရှိ သေးကြောင်း သိရသည်။ အဆိုပါ စာရင်းများထဲတွင် အနည်းဆုံး ဟုဆိုနိုင်သော တိုင်းရင်းသားမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံအနီးတွင် နေထိုင်သော လူဦးရေ ၆၀၀ ကျော်သာ ကျန်ရှိတော့သည့် အဲန်တိုင်းရင်းသားများပင် ဖြစ်ပေသည်။

ရှမ်းပြည်နယ်၏မြို့တော်တောင်ကြီးမြို့သည် အေးချမ်းသာယာ၍ ရာသီဥတုကောင်း သောကြောင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ညအိပ်အပန်းဖြေရာမြို့ဖြစ်ပါသည်။ ပွဲတော် ကာလများတွင် လူစည်ကားသောမြို့ဖြစ်ပါသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် မြို့ထဲရှိ ဘုရားများသို့လည်ပတ်နိုင်သလို ပွဲတော်များတွင်လည်း ပါဝင်ဆင်နွှဲနိုင်ပါသည်။ တောင်ကြီးဈေးတွင် ရှမ်းရိုးရာယဉ်ကျေးမှုကိုထင်ဟပ်စေသော ပစ္စည်းများစွာလည်း ရရှိနိုင်ပါ သည်။

Myanmar