Main menu

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားစီရင်မှု (၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ) ၁၉၄၈ ခုနှစ်၊ လွှဲအပ်မှုအမှတ် - ၁

ပြည်နယ်များ

နှင့်

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ[1]

၁၉၄၈ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပုဒ်မ ၃၀၊ ပုဒ်မငယ် (၂)၊ ပုဒ်မ ၉၂၊ ပုဒ်မငယ်(၁)၊(၂) နှင့် ၎င်းတို့တွင် ရည်ညွှန်းသောတတိယ ဇယား၊ ပုဒ်မ၁၅၁၊ ၂၂၄ -- ပါလီမန်မှာ ၁၉၄၈ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေကို ပြည်နယ်များအတွက် ပြဋ္ဌာန်းရန်အာဏာရှိ မရှိ -- ရှမ်းပြည်နယ်လက်စွဲ၊ ၁၈၉၉ ခုနှစ် အထက်မြန်မာ ပြည်မြေနှင့် အခွန်တော် (ရက်ဂူလေးရှင်း) ပုဒ်မ ၂၆---၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံတော်အက်ဥပဒေ အမှတ် ၁၊ ပုဒ်မ ၃။

အက်ဥပဒေအတိုင်း ပြည်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံးတွင် အာဏာတည်သည်။ မိမိတို့ အထဲမှာပင်လျှင် ထိုသို့အာဏာမတည်ကြအောင် အတိအလင်းပြဋ္ဌာန်းချက်ပါရှိမှသာလျှင် ပြည်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံးတွင် အာဏာမတည်ဘဲရှိနိုင်သည်။ ၁၉၄၈ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေမှာလည်း ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းလုံးတွင် အာဏာမတည် စေရန် အတိအလင်းပြဋ္ဌာန်းချက်တစုံတရာမပါချေ။

ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၂၄အရ လယ်ယာမြေများကို  ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရကသာလျှင် ပိုင်ဆိုင်သည်။

လယ်မြေများကို ထိုသို့ပြန်၍ သိမ်းယူခြင်းသည် ထိုအက်ဥပဒေ၏ အဓိကရည်ရွယ်ချက် မဟုတ်၊ ၎င်း၏ အဓိကရည်ရွယ်ချက်မှာ ကိုယ်တိုင်လယ်ယာမလုပ်သောသူများ လယ်ယာမြေများကို ပိုင်ဆိုင်ခွင့်မရှိစေရဟူ၍၎င်း၊ ကိုယ်တိုင်လယ်ယာလုပ်ကိုင်သောသူများပင် တစ်ဦးလျှင် ဧကမည်မျှစီ ထက်ပိုမို၍ မပိုင်ဆိုင်စေရဟူ၍၎င်း၊ မြေယာပိုင်ခွင့်စနစ်မျဉ်းများကို ပြင်ဆင်၍သတ်မှတ်ရန်ဖြစ် သည်။ မြေယာများပိုင်ပြန်၍ သိမ်းယူခြင်းမှာ အသစ်ပြင်၍ သတ်မှတ်သော မြေယာပိုင်ခွင့်စံနစ် စည်းမျဉ်းများအရ မြေယာမြေများကို မပိုင်ဆိုင်နိုင်ကြပြီဖြစ်သော သူများထံမှသာ ပြန်၍ သိမ်းယူ ခြင်းဖြစ်သည်။ သို့သိမ်းယူခြင်းမှာ မူလရည်ရွယ်ချက် အောင်မြင်စေရန် အထောက်အပုံမျှသာ ဖြစ်သည်။

အက်ဥပဒေသည် မည်သည့်ဥပဒေပြုအဖွဲ့၏ ဥပဒေပြုပိုင်ခွင့်အာဏာအတွင်းကျရောက်သည် ဟု စီရင်ဆုံးဖြတ်ရာတွင် ထိုဥပဒေ၏ ‘Pith and substance’ အဆီအနှစ်ကိုသာ စီစစ်ရမည်။ အကယ်၍ အဆီအနှစ်သည် ဥပဒေပြုအဖွဲ့တခု၏ ဥပဒေပြုပိုင်ခွင့်အာဏာ အတွင်းကျရောက်လျှင် အဖျားအနားကအခြားဥပဒေပြုအဖွဲ့၏ ဥပဒေပြုပိုင်ခွင့် အာဏာအတွင်း ကျူးကျော်ထိပါးငြိစွန်း သော်လည်း ထိုဥပဒေသည် အတည်ဖြစ်စေရမည်။

Charles Russell v. The Queen (1881-82) L.R. 7 A. C 229, Gallagher v. Lynn, (1973) A.C. 863; Attorney-General for Canada v. Attorney-General for British Columbia and others (1930) A.C, 111.

ထိုဥပဒေသည် မြေယာပိုင်ခွင့်စံနစ်စည်းမျဉ်းကို ပြင်၍သတ်မှတ်သောဥပဒေဖြစ်သည်။ သို့ပြင် ၍သတ်မှတ်သည့်အတွက် မြေယာများကို ဆက်လက်၍ မပိုင်ဆိုင်နိုင်ကြခြင်းသည် မြေယာပိုင်ခွင့် စံနစ်စည်းမျဉ်းအသစ်သတ်မှတ်ခြင်းကြောင့်သာ ဖြစ်သည်။ ထိုအက်ဥပဒေသည် လယ်ယာမြေများကို မည်သူမျှမပိုင်ဆိုင်စေရပြီဟု မြေယာပိုင်ခွင့်စနစ်ကို လုံးဝဖျက်သိမ်းသော် အက်ဥပဒေမဟုတ်ချေ။

ပါလီမန်မှာ ပြည်ထောင်စုနိုင်ငံကိစ္စများအတွက် ပစ္စည်းရယူရေးအလို့ငှာ ဥပဒေပြုလုပ် နိုင်ခွင့် အာဏာရှိသည်။

ထိုအက်ဥပဒေသည် ပြည်ထောင်စုနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၃၀ တွင် ပါရှိသော တောင်သူလယ်သမားများအတွက် နိုင်ငံတော်၏ တာဝန်ဝတ္တရားများကို အထိုက် အလျောက်တစိတ်တဒေသအားဖြင့် ကျေပွန်အောင် ဆောင်ရွက်ပေးနိုင်စေမည့် အက်ဥပဒေတရပ် ဖြစ်သည်။ ပြည်နယ်များတွင် အာဏာတည်သည်။

လွှတ်တော်ရှေ့နေကြီး ပီ၊ ကေ၊ ဘာဆူး နှင့် ဝတ်လုံတော်ရ ဦးမြင့်ထူးတို့ပြည်နယ်များ အတွက် လိုက်ပါဆောင်ရွက်သည်။

နိုင်ငံတော်ရှေ့နေချုပ်ကြီး ဦးချန်ထွန်းနှင့် အစိုးရရှေ့နေ ဦးဘစိန် တို့ပြည်နယ်များ အတွက် လိုက်ပါဆောင်ရွက်သည်။

ရုံးတော်၏ စီရင်ချက်ကို နိုင်ငံတော်တရားဝန်ကြီးချုပ် ဦးသိမ်းမောင် က ချမှတ်သည်။

*          *          *          *          *

ပြည်ထောင်စုမြန်မာနိုင်ငံတော်ယာယီသမတသည် အောက်ပါအမိန့်ဖြင့် ပြဿနာတရပ်ကို ဤရုံးတော်သို့ စဉ်းစားရန်လွှဲအပ်ခဲ့လေသည်။

“နိုင်ငံတော်တရားဝန်ကြီးချုပ်ထံသို့ အကြောင်းကြားအပ်ပါသည်။”

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၁၅၁ အရ တရားလွှတ်တော်ချုပ်၏ ထင်မြင်ယူဆချက် ကို ရယူလောက်အောင် ပြည်သူများအတွက် အရေးကြီးသော ဥပဒေကြောင်းဆိုင်ရာ အောက်ပါ ပြဿနာတရပ်ပေါ်ပေါက်လာသည်ဟု၎င်း၊ ပေါ်ပေါက်ရန်အကြောင်းရှိသည်ဟု ထင်မြင်ယူဆပါ သဖြင့် ထိုပြဿနာကိုစဉ်းစားရန် တရားလွှတ်တော်ချုပ်သို့ လွှဲအပ်ပါသည်။ တရားလွှတ်တော်ချုပ်က လျော်ကန်သင့်မြတ်သည်ထင်သည့်အတိုင်း ကြားနာစစ်ဆေးပြီးနောက် အစီရင်ခံစေလိုပါသည်။

ပါလီမန်ကပြုလုပ်သော ၁၉၄၈ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ (၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၆၀) သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်နယ်များတွင် အာဏာ တည်သည် မတည်သည်။”

၁၉၄၈ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၁၊ ပုဒ်မငယ် (၂)မှာ အောက် ပါအတိုင်းဖြစ်သည်။

“ဤအက်ဥပဒေကို နိုင်ငံတော်သမတ က အမိန့်ကြော်ငြာစာထုတ်ပြန်ကျေညာသတ်မှတ် သည့်နေ့တွင် အတည်ဖြစ်ရမည့်ပြင် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သော အရပ်ဒေသကို ပိုင်းခြားပြီး နေ့ရက်များကို ခွဲခြား၍ သတ်မှတ်နိုင်သည်။”

သို့ဖြစ်၍ ထိုအက်ဥပဒေသည် ပြည်နယ်များတွင် အာဏာတည်စေကာမူ ၎င်း ကိုယ်တိုင် အတည်မဖြစ်သေးသော အက်ဥပဒေဖြစ်သည်။ ယာယီသမတက သိလိုသောအချက်များမှာ အောက်ပါအတိုင်း ဖြစ်တန်ရာသည်။

(၁)       ထိုအက်ဥပဒေကို ပြဋ္ဌာန်းရာတွင် ပါလီမန်သည် ပြည်နယ်များမှာလည်း အာဏာ တည်စေရန်ရည်ရွယ်ခဲ့သည် ဟုတ် မဟုတ်။

(၂)       ရည်ရွယ်ခဲ့လျှင်လည်း ပါလီမန်မှာ ထိုအက်ဥပဒေကို ပြည်နယ်များအတွက် ပြဋ္ဌာန်း ရန်အာဏာ ရှိ မရှိ။

ဤရုံးတော်သို့ လွှဲအပ်လိုက်သော ပြဿနာသည် အရေးကြီးသော ပြဿနာဖြစ်သည်နှင့် လျော်ညီစွာ ဤရုံးတော်သည် ပြည်နယ်များအတွက် လိုက်ပါဆောင်ရွက်ကြသော ပြည်ထောင်စု ပြည်နယ်များအား ဥပဒေအကြံပေးအရာရှိဦးမြင့်ထူး နှင့် လွှတ်တော်ရှေ့နေကြီး မစ္စတာ ပီ၊ ကေ၊ ဘာဆူး နှစ်ဦးလုံးအား ဤရုံးတော်တွင် လျှောက်လဲခွင့်ပေးခဲ့သည်။

ဦးမြင့်ထူးက ပြဿနာများကို ဖြေရှင်းကြရာတွင် တရားရုံးများသည် အခြေခံဥပဒေများကို သုံးသပ်ဝေဖန်ခြင်းမှ၎င်း၊ ထိုဥပဒေများ၏ အခြေခံသဘောတရားများကို သုံးသပ်ဝေဖန်ခြင်းမှ ၎င်း ရှောင်ရှားနိုင်သမျှ ရှောင်ရှားကြသော အစဉ်အလာရှိကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်ယာယီသမတက လွှဲအပ်သော ပြဿနာကို ဖြေရှင်းရာတွင် ဤရုံးတော်သည် လက်ဦး အစတွင် ၁၉၄၈ခုနှစ်၊ လယ်ယာ မြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေကိုသာလျှင် ကြည့်ရှု၍ ဆုံးဖြတ်သင့်ကြောင်း၊ ထိုအက်ဥပဒေအရ ပင်လျှင် ပါလီမန်သည် ၎င်းကို ပြည်နယ်များတွင် အာဏာတည်စေရန်မရည်ရွယ်ခဲ့ခြင်းသည် ထင်ရှားကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုအက်ဥပဒေပုဒ်မ ၃ တွင် (ဤအက်ဥပဒေအတည်ဖြစ် သည်မှစ၍ ဇယား ၁ တွင် သီးခြားဖော်ပြထား၍ အဆိုပါဇယားနှင့် ပုဒ်မ ၄ တွင် ဖော်ပြရာပါအတိုင်း အတာရှိသော လယ်ယာမြေများမှတပါး အခြားလယ်ယာမြေများအားလုံးကို နိုင်ငံတော်က ပြန်လည် သိမ်းယူလိမ့်မည်) ဟု ပါရှိရာ မူလပိုင်ရှင်ကသာလျှင် ပြန်သိမ်းယူနိုင်မည်ဖြစ်သော ကြောင့်တ ကြောင်း၊ ပြည်နယ်များရှိလယ်ယာမြေများကို ပြည်နယ်များကသာ ပိုင်ကြသောကြောင့်တကြောင်း ထိုအက်ဥပဒေပါ ဇယား ၂တွင် ဖော်ပြထားသော မြေမျိုး ပြည်နယ်များတွင် မရှိသောကြောင့်တ ကြောင်း ဖြစ်ပါသည်ဟု လျှောက်ထားသည်။

သို့ရာတွင် ၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံတော်အက်ဥပဒေအမှတ် ၁၊ ပုဒ်မ ၃အရ အက်ဥပဒေ တိုင်းပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းလုံးတွင် အာဏာတည်သည်။ မိမိတို့အထဲမှာပင်လျှင် ထိုသို့ အာဏာမတည်ကြအောင် အတိအလင်းပြဋ္ဌာန်းချက်ပါရှိမှသာလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်း လုံးတွင် အာဏာမတည်ဘဲရှိနိုင်သည်။ ၁၉၄၈ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေမှာ လည်း ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းလုံးတွင် အာဏာမတည်စေရန်အတိအလင်း ပြဋ္ဌာန်းချက် တစုံးတရာမပါချေ။

သည်မျှသာမကသေး ထိုအက်ဥပဒေ ပုဒ်မ ၁၊ ပုဒ်မငယ် (၂)မှာလည်း “နိုင်ငံတော်သမတက * * * *  ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သော အရပ်ဒေသများကို ပိုင်းခြားပြီး၊ နေ့ရက်များကို ခွဲခြား၍သတ်မှတ်နိုင်သည်။ ” ဟု အတိအလင်းပါရှိသည်။ သို့အတွက် ပါလီမန်သည် ပြည်နယ်များ အပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံတော်တဝှမ်းလုံးတွင် ထိုအက်ဥပဒေ အာဏာတည်စေရန် ရည်ရွယ်ကြောင်း ထင်ရှားသည်။

ပြည်နယ်များအတွင်းရှိ လယ်ယာမြေများကို ပြည်နယ်များကသာပိုင်၍ ပြည်နယ်များကသာ ပြန်လည်သိမ်းယူနိုင်မည်ဆိုရာမှာလည်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပုဒ်မ ၂၂၄အရ လယ်ယာမြေများကို ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရကသာလျှင် ပိုင်ဆိုင် သည်။ ပုဒ်မ ၂၂၄ မှာ အောက်ပါအတိုင်းဖြစ်သည်။

“ဤအခြေခံဥပဒေအာဏာတည်အံ့ဆဲဆဲကာလက မြန်မာနိုင်ငံတော်နှင့် ကရင်နီနယ်များ ၏ စီရင်အုပ်ချုပ်ရေးကိစ္စအလို့ငှာ ဗြိတိသျှဘုရင်မင်းမြတ်၌ သို့တည်းမဟုတ် အခြားအာဏာပိုင် တခုခု ၌ တည်ရှိသောအခွင့်အရေးများ ပိုင်ဆိုင်သော ပစ္စည်းများနှင့် တောင်းဆိုရယူခွင့်များသည် ဤအခြေခံဥပဒေ အာဏာတည်သည်မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၌ တည်ရှိရမည်။”

အထူးအားဖြင့် သစ်တော်အားလုံး မြေအောက်ရှိသတ္ထုနှင့် အခြားပစ္စည်းအားလုံး ဓါတ်ဘက် ဝင် ဆေးဘက်ဝင်ရေ စသောရေများ၊ သဘာဝအင်အားတို့၏ ပင်ရင်းအခြေအမြစ်များ၊ သံလမ်းဖြင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာပစ္စည်းများ၊ စာပို့ဆောင်ရေးဆိုင်ရာပစ္စည်းများ၊ ကြေးနန်းနှင့် ကြေးနန်း ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ အသံလွှင့်လုပ်ငန်းဆိုင်ရာ ပစ္စည်းများသည် ဤအခြေခံဥပဒေ အာဏာတည်သည်မှစ၍ ပြည်ထောင်စုနိုင်ငံ၏ ပစ္စည်းများဖြစ်ရမည်။”

ပြည်နယ်များတွင် ၁၉၈၄ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပါဇယား၂ တွင် ဖော်ပြထားသော မြေမျိုးမရှိဟုဆိုပြီး ရှမ်းပြည်နယ်ကို နမူနာပြရာမှာလည်း ရှမ်းပြည်နယ်လက်စွဲ စာမျက်နှာ ၃၀၊ ၃၁ နှင့် ၃၂တွင် ၁၈၉၉ ခုနှစ်၊ အထက်ဗမာပြည်မြေနှင့် အခွန်တော် (ရက်ဂူလေးရှင်း) ပုဒ်မ ၂၆ ကို ရှမ်းပြည်နယ်သို့ တို့းချဲ့၍ထားကြောင်း၊ ရှမ်းပြည်နယ်တွင် နိုင်ငံတော်ပိုင်မြေများရှိ ကြောင်း တွေ့မြင်ရသည်။ မည်သို့ပင်ဖြစ်စေ ယခုဤရုံးတော်ရှေ့ရှိ ပြဿနာမှာ ထိုအက်ဥပဒေသည် ပြည်နယ်များတွင် အာဏာတည် မတည်မျှသာဖြစ်သည်။ လယ်ယာမြေတခုခု သို့မဟုတ် တမျိုးမျိုး စပ်ဆိုင်သည် မစပ်ဆိုင်သည်ဟူသော ပြဿနာမဟုတ်ချေ။ လယ်ယာမြေတခုခု သို့မဟုတ် တမျိုးမျိုး နှင့်စပ်ဆိုင်သည် မစပ်ဆိုင်သည်ဟူသော ပြဿနာမှာ ထိုအက်ဥပဒေ ပုဒ်မ ၁(၂)အရ နိုင်ငံတော် သမတက အမိန့်ကျေညာစာ ထုတ်ပြန်၍ ပြည်နယ်များတွင် ထိုအက်ဥပဒေအတည်ဖြစ်ပြီးသည့် နောက် ထိုလယ်ယာမြေကို သို့မဟုတ် လယ်ယာမြေမျိုးကို သိမ်းယူသောအခါမှသာလျှင် ပေါ်ပေါက် နိုင်သော ပြဿနာဖြစ်သည်။

သို့အတွက် ဤရုံးတော်သို့ လွှဲအပ်သော ပြဿနာကို ဖြေရှင်းရန် ပါလီမန်မှာ ထိုအက်ဥပဒေ ကို ပြည်နယ်များအတွက်ပါ ပြဋ္ဌာန်းနိုင်ခွင့်ရှိ မရှိကို ဝေဘန်ရမည်သာဖြစ်သည်။

ပါလီမန်မှာ ထိုအက်ဥပဒေကို ပြည်နယ်များအတွက်ပါ ပြုရန်အာဏာ ရှိ မရှိ ဝေဘန်ရာ၌ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ၉၂၊ ပုဒ်မငယ်(၁)၊ (၂) နှင့် ၎င်း တို့တွင် ရည်ညွှန်းသော တတိယဇယားကို အဓိက ထား၍ဝေဘန်ရမည်။

ပုဒ်မ ၉/(၁) နှင့် (၂) မှာ အောက်ပါအတိုင်းဖြစ်သည်။

“(၁) တဆက်တည်းဖြစ်သော အောက်ပုဒ်မခွဲဖြင့် ပြည်နယ်ကောင်စီများသို့ လုံးဝခွဲဝေ လွှဲအပ်သော ဥပဒေပြုအာဏာမှလွဲ၍ ပါလီမန်တွင် ပြည်ထောင်စုတနိုင်ငံလုံးအတွက်ဖြစ်စေ၊ ပြည်ထောင်စုနိုင်ငံ၏ တစိတ်တဒေသအတွက်ဖြစ်စေ ဥပဒေများကို ပြုရန် အာဏာရှိရမည်။

ဤပုဒ်မ၌ ရှေ့ကဖော်ပြခဲ့သော စည်းကမ်းချက်တို့၏ ယေဘုယျသဘောကို အချုတ်အချယ် မဖြစ်စေဘဲ ထို့ပြင် သေချာသည်ထက်သေချာအောင် တဆက်တည်းဖြစ်သော အောက်ပုဒ်မခွဲ၌ မည်သို့ပင် ဆိုထားစေကာမူ ပါလီမန်၌သာရှိသော ဥပဒေပြုမှုအခွင့်အာဏာသည် (ပြည်ထောင်စု ဥပဒေပြုစာရင်းဟု ဖော်ပြလတ္တံ့သော) ဤအခြေခံဥပဒေ၏ တတိယဇယားရှိစာရင်း ၁ တွင် သီးခြား ရေတွက်ပြထားသော ကိစ္စအားလုံးအပေါ်၌ သက်ရောက်ပျံ့နှံ့ရမည်ဟု ကျေညာလိုက်သည်။

အဆိုပါစာရင်းတွင် သီးခြားရေတွက်ဖော်ပြထားသော ဆောင်ရွက်ဖွယ်အကြောင်းအရာ အမျိုးအစားတခုခု၌ ပါဝင်နေသည့် ကိစ္စတခုခုသည် တဆက်တည်းဖြစ်သော အောက်ပုဒ်မခွဲဖြင့် ပြည်နယ်ကောင်စီများသို့ လုံးဝခွဲဝေလွှဲအပ်ထားသည့် ပြည်နယ် ဒေသန္တရ သဘောသက်ဝင်သော သို့တည်းမဟုတ် ပြည်နယ်တွင်းရေးသဘောသက်ဝင်သော ဆောင်ရွက်ဖွယ် အကြောင်းအရာ စာရင်း တွင် ပါဝင်သည်ဟု မမှတ်ယူရ။

(၂) ပြည်နယ်ဥပဒေပြုစာရင်းဟု ဖော်ပြလတ္တံ့သော အဆိုပါဇယားရှိစာရင်း ၂ ၌ သီးခြား ရေတွက်ပြထားသည့် ကိစ္စတခုခုနှင့်စပ်လျဉ်း၍ ပြည်နယ်အတွက် သော်၎င်း၊ ပြည်နယ်၏ တစိတ် တဒေသအတွက်သော်၎င်း ဥပဒေများကို ပြုရန် ပြည်နယ်ကောင်စီ၌သာ အာဏာရှိရမည်။”

ပုဒ်မ ၉၂အရ ပါလီမန်တွင် ပြည်ထောင်စုနိုင်ငံ ဥပဒေပြုစာရင်းတွင်ပါရှိသော အမှတ်၄၀ မှာလည်း (စာရင်း ၂၊ ပြည်နယ်ဥပဒေပြု စာရင်းတွင် ရေတွက်ဖော်ပြထားခြင်းမရှိသော အခြားကိစ္စ များအားလုံးပါရှိသည်)။

ပြည်နယ်ကောင်စီများမှာ စာရင်း ၂၊ ပြည်နယ်ဥပဒေပြုစာရင်းတွင် ရေတွက်ဖော်ပြထားသော ကိစ္စများအတွက်သာလျှင် ဥပဒေပြုရန်အာဏာရှိသည်။

တတိယဇယား စာရင်း၁၊ ပြည်ထောင်စုနိုင်ငံ ဥပဒေပြုစာရင်းတွင်ပါရှိသော အမှတ် ၂၉ မှာ အောက်ပါအတိုင်းဖြစ်သည်။

“မြေရှင်နှင့် သီးစားတို့ဆက်ဆံရေး၊ မြေငှားခတောင်းခံရေးတို့ပါဝင်သော မြေယာပိုင်ခွင့် စံနစ်စည်းမျဉ်းသတ်မှတ်ရေး မြေယာလွှဲပြောင်းခြင်း၊ မြေယာစွန့်လွှတ်ခြင်း၊ မြေယာဆက်ခံစေခြင်း များ။”

သို့ရာတွင် စာရင်း၂ ပြည်နယ် ဥပဒေပြုစာရင်းတွင် ပါရှိသော အမှတ် ၂(၃) မှာလည်း အောက်ပါအတိုင်းဖြစ်သည်။

“မြေယာ၊ မြေခွန်တော်၊ မြေယာတိုးတက်ကောင်းမွန်ရေးနှင့် လယ်ယာအမတော်ကြေးများ စုပေါင်း၍ နေရာသစ်တည်ခြင်း၊ ကြွေးမြီအပေါင်အနှံမကင်းသော မြေယာပစ္စည်း အဆောက်အအုံ များနှင့် ဝရမ်းအကပ်ခံရသော မြေယာပစ္စည်းအဆောက်အအု့များ၊ ရတနာသိုက်များ”

သို့စာရင်းများတွင် အသီးသီးပါရှိ၍နေသောကြောင့်သာလျှင် ၁၉၄၈ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေကို ပြည်နယ်များအတွက် ပါပြုလုပ်ရန် ပါလီမန်မှာ အာဏာရှိ မရှိ ဟူသော ပြဿနာပေါ်ပေါက်ခဲ့ရသည်။

ပါလီမန်မှာ ထိုအက်ဥပဒေကို ပြည်နယ်များအတွက်ပါ ပြုလုပ်ရန် အာဏာရှိ မရှိ ဆုံးဖြတ် နိုင်ရန်၊ ထိုအက်ဥပဒေ၏ ရည်ရွယ်ချက်နှင့် အခြေခံသဘောများကို ပဌမစီစစ်ရချေမည်။ ထိုအက် ဥပဒေတခုလုံးကို ခြုံ၍ကြည့်သော် ၎င်း၏ ရည်ရွယ်ချက်နှင့် အခြေခံသဘောများမှာ -

(၁)       မိမိတို့ကိုယ်တိုင် လယ်ယာမလုပ်မကိုင်သော သူများအား လယ်ယာမြေများကို ပိုင်ဆိုင်ခွင့် မပေးတော့ဘဲ သူတို့ပိုင်ဆိုင်ခဲ့သော မြေများကို ကိုယ်တိုင်လယ်ယာမြေ လုပ်ကိုင်သောသူများအား ဝေငှထားရန်နှင့်

(၂)       ကိုယ်တိုင်လယ်ယာမြေများ လုပ်ကိုင်သောသူများအတွက်မှာပင် တဦးလျှင် ဧက မည်မျှစီထက်ပိုမို၍ မပိုင်ဆိုင်စေရဟု သတ်မှတ်ရန်ဖြစ်သည်။

ပြည်နယ်များအတွက် လိုက်ပါဆောင်ရွက်သူ ပညာရှိလွှတ်တော်ရှေ့နေကြီး မစ္စတာ ပီ၊ ကေ၊ ဘာဆူးက ထိုကဲ့သို့သော အက်ဥပဒေကို ပြည်နယ်များအတွက် ပြည်နယ်ကောင်စီတို့က အပြည့်အစုံ မပြုလုပ်နိုင်ကြောင်း ဝန်ခံသည်။ သို့ရာတွင် သူ၏ လျှောက်လဲချက်အရ (မြေယာ) သည် စာရင်း ၂ ပြည်နယ်ဥပဒေပြုစာရင်းတွင် ပါ၍နေသောကြောင့် မြေယာသိမ်းရန်ဥပဒေကို ပြည်နယ်ကောင်စီများ ကသာ ပြုလုပ်နိုင်မည်။ ပြည်နယ်များကသိမ်းပြီးမြေများကို ဝေငှချထားရန်အတွက် (မြေယာပိုင်ဆိုင် ခွင့်စံနစ် စည်းမျဉ်းသတ်မှတ်ရေး) ဆိုင်ရာဥပဒေကိုမူကား ပါလီမန်ကသာလျှင် ပြည်နယ်များအတွက် ပြုလုပ်၍ပေးနိုင်မည်။

သို့ရာတွင် စာရင်း-၁ ပြည်ထောင်စုနိုင်ငံ ဥပဒေပြုစာရင်းပါအမှတ်၅ (၄)အရ “ပြည်ထောင် စုနိုင်ငံ ကိစ္စများအတွက် ပစ္စည်းရယူရေး” သည် ပါလီမန်၏ ဥပဒေပြုပိုင်ခွင့်အာဏာအတွင်းကျ ရောက်သည်။ ကိုယ်တိုင်လယ်ယာလုပ်ကိုင်သောသူများအား ဝေငှချထားရန် ကိုယ်တိုင်လယ်ယာ မလုပ်မကိုင်သောသူများထံမှ လယ်များကို သိမ်းယူရေးသည်လည်း ပြည်ထောင်စုနိုင်ငံကိစ္စပင် ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၉၂ (၁) အရလည်း ထိုပုဒ်မ၊ ပုဒ်မငယ်(၂) တွင် မည်သို့ပင်ရှိစေကာမူ စာရင်း ၁ ပြည်ထောင်စုနိုင်ငံဥပဒေပြုစာရင်းတွင် ပါသောကိစ္စအားလုံးအတွက် ဥပဒေပြုမှုအခွင့်အာဏာသည် ပါလီမန်၌သာရှိသည်။

ထိုမှတပါး လယ်ယာမြေများကို ထိုကဲ့သို့ ပြန်၍ သိမ်းယူခြင်းသည် ထိုအက်ဥပဒေ၏ အဓိက ရည်ရွယ်ချက်မဟုတ်။ ၎င်း၏ အဓိကရည်ရွယ်ချက်မှာ ကိုယ်တိုင်လယ်ယာမလုပ်သောသူများ၊ လယ်ယာမြေများကို ပိုင်ဆိုင်ခွင့်မရှိစေရဟူ၍၎င်း၊ ကိုယ်တိုင် လယ်ယာလုပ်ကိုင်သောသူများပင် တဦးလျှင် ဧကမည်မျှစီထက်ပိုမို၍ မပိုင်ဆိုင်စေရဟူ၍၎င်း၊ မြေယာပိုင်ခွင့်စံနစ် စည်းမျဉ်းများကို ပြင် ဆင်၍ သတ်မှတ်ရန်ဖြစ်သည်။ မြေယာများကို ပြန်၍သိမ်းယူခြင်းမှာ အသစ်ပြင်၍သတ်မှတ်သော မြေယာပိုင်ခွင့်စံနစ်စည်းမျဉ်းများအရ မြေယာများကို မပိုင်ဆိုင်နိုင်ကြပြီဖြစ်သော သူများထံမှသာ ပြန်၍ သိမ်းယူခြင်းဖြစ်သည်။ သို့သိမ်းယူရခြင်းမှာ မူလရည်ရွယ်ချက်အောင်မြင်စေရန် အထောက် အပံ့မျှသာဖြစ်သည်။

ပြည်နယ်များအတွက် လိုက်ပါဆောင်ရွက်သော ပညာရှိလွှတ်တော်ရှေ့နေကြီးများ ကိုးကား တင်ပြသော စီရင်ထုံးများမှာပင်လျှင် အက်ဥပဒေတရပ်သည် မည်သည့်ဥပဒေပြုအဖွဲ့၏ ဥပဒေပြုပိုင် ခွင့်အာဏာအတွင်း ကျရောက်သည်ဟု စီရင်ဆုံးဖြတ်ရာတွင် ထိုအက်ဥပဒေ၏ “Pith and Substance” အဆီအနှစ်ကိုသာ စီစစ်ရမည်ဖြစ်ကြောင်း၊အကယ်၍ အဆီအနှစ်သည် ဥပဒေပြုအဖွဲ့ တခု၏ ဥပဒေပြုပိုင်ခွင့်အာဏာအတွင်း ကျရောက်လျှင် အဖျားအနာက အခြားဥပဒေပြုအဖွဲ့၏ ဥပဒေပြုပိုင်ခွင့်အာဏာအတွင်း ကျူးကျော်ထိပါးငြိစွန်းသော်လည်း ထိုဥပဒေသည် အတည်ဖြစ်စေ ရမည်ဟူ၍ ပါရှိသည်။

[ See Charles Russell v. The Queen, (1881-82) L.R.7 A.C.p. 829 at pp. 839-840; Gallagher v. Lynn, (1937) A.C. 863 at p. 870 where Lord Atkkin has observed:

“It is well established that you are to look at the “true nature and character of the legislation”: Russell v. The Queen “the pith and substance of the legislation ” If, on the view of the statute as a whole , you find that the substance of the legislation  os within the express powers, then it is not invalidated if incidentally it affects matters which are outside the authorized held.”

ပြည်ထောင်စုနိုင်ငံတော်အတွက် နိုင်ငံတော်ရှေ့နေချုပ်ကြီးကိုးကားတင်ပြသော စီရင်ထုံးမှာ လည်း နည်းဥပဒေသ ၄ ခုပါရှိရာ အမှတ်(၁)၊ (၃) နှင့် (၄) တို့သည် ဤရုံးတော်၏ ယူဆချက်ကို ထောက်ခံသော နည်းဥပဒေသများဖြစ်ကြသည်။

[ See Attorney –General for Canada v. Attorney General or British Columbia and others, (1930) A.C. 111 at p. 118 of which  their Lordships of the Privy Council have observed.

“Questions of conflict between the jurisdiction of the Parliament of the Dominion and provincial jurisdiction have frequently come before their Lordships’ Board, and as the result of the decisions of the Board the following propositions may be stated : -”

  1.  The legislation of the Parliament of the Dominion, so long as it strictly relates to subjects of legislation expressly enumerated in section 91, is of paramount authority, even though it trenches upon matters assigned to the provincial legislatures by section 92 : see Tennant v. Union Bank of Canada,(1894) A.C.31
  2.  

(3) It is within the competence of the Dominion Parliament to provide for matters which, though otherwise within the legislative competence of the provincial legislature , are necessarily incidental to effective legislation by the Parliament of the Dominion upon a subject of legislation expressly enumerated in section 91, see Attorney – General of Ontario v. Attorney- General for the Dominion, (1894) A.C. 189; and Attorney-General for the Dominion, (1894) A.C. 189; and Attorney-General for Ontario v. Attorney-General for the Dominion, (1896) A.C.348.

(4) There can be a domain in which provincial and Dominion legislation may overlap, in which case neither legislation will be ultra vires if the field is clear, but if the field is not clear and the two legislations meet the Dominion legislation must prevail : see Grand Trunk Ry. Of Canada v. Attorney-General of Canada, (1907) A.C. 65”.

  • ကနေဒါပြည်၏ အုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၉၁နှင့် စပ်လျဉ်းသော စီရင်ထုံး ဖြစ်သော်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၉၂ သည်ပင် လျှင် ထိုပုဒ်မပေါ်တွင် အခြေတည်ပြီး ထိုပုဒ်မတွင်ပါသော for the Peace, Order and good Government ဟူသော စည်းကမ်းသတ်စာလုံးများကို ချိန်လှပ်၍ထားခြင်းအားဖြင့် ပါလီမန်အား ပိုမိုကျယ်ပြန့်သော ဥပဒေပြုခွင့်အာဏာကို ပေးသောပုဒ်မဖြစ်ချေသည်။
  • လိုက်ပါဆောင်ရွက်သော ပညာရှိလွှတ်တော်ရှေ့နေကြီး မစ္စတာ ပီ၊ ကေ၊ ဘာဆူးက ၁၉၄၈ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေသည် မြေယာပိုင်ခွင့် စံနစ် စည်းမျဉ်း သတ်မှတ်ရေးအတွက်သာမဟုတ်ဘဲ ကိုယ်တိုင်မြေယာမလုပ်သူများ၏ ပိုင်ဆိုင်ခြင်းကို ဖျက်သိမ်းသော ဥပဒေဖြစ်ကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၃၀၊ ပုဒ်မငယ် (၂)အရလည်း မြေယာပိုင်ခွင့်စံနစ်များကို ဖျက်သိမ်းခြင်းသည် တခြားဖြစ် ကြောင်း၊ ထင်ရှားသည်။ သို့အတွက် ပါလီမန်မှာ ထိုအက်ဥပဒေကို ပြုလုပ်ရန်အာဏာမရှိဟု ဆိုပြန် သည်။ သို့ဆိုရာ၌ မစ္စတာ ပီ၊ ကေ၊ ဘာဆူး သည်ပရစ်ဗီကောင်စီလွှတ်တော်၏ စီရင်ထုံးတခုကို ကိုးကားပြီး အရာဝတ္ထုတခုခုနှင့်စပ်လျဉ်း၍ စံနစ်စည်းမျဉ်းသတ်မှတ်ရာတွင် ထိုအရာဝတ္ထုကို ဖျက်ဆီး၍မပစ်ရန်။ အကယ်၍ ထိုအရာဝတ္ထုကို ဖျက်ဆီး၍ပစ်ခဲ့လျှင် ၎င်းနှင့် စပ်လျဉ်း၍ စံနစ် စည်းမျဉ်းသတ်မှတ်ခြင်းမျှသာ မဟုတ်ဟူ၍ လျှောက်လဲခဲ့သည်။

[ See Attorney – General for Ontario v. Attorney General for the Dominion and the Distillers and Brewer’s Association of Ontario, (1896) A.C. 349 at p. 363 where their Lordships of the Privy Council have observed :

“ A power to regulate, naturally, if not necessarily, assumes, unless it is enlarged by the context, the conservation of the thing which is to be made the subject of regulation”.

  • ထိုအက်ဥပဒေသည် အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း ကိုယ်တိုင်လယ်ယာ မလုပ်မကိုင်သူများ၊ လယ်ယာမြေကို မပိုင်ဆိုင်စေရဟူ၍၎င်း၊ လယ်ယာလုပ်သောသူများသည်လည်း တဦးလျှင် ဧကမည်မျှစီထက်ပို၍ မပိုင်ဆိုင်စေရဟူ၍၎င်း မြေယာပိုင်ခွင့်စံနစ်စည်းမျဉ်းကို ပြင်၍ သတ်မှတ်သောဥပဒေဖြစ်သည်။ သို့ပြင်၍ သတ်မှတ်သည့်အတွက် မြေယာများကို ဆက်လက်၍ မပိုင် ဆိုင်နိုင်ကြသောသူများ ရှိသည်မှန်သော်လည်း ထိုသူတို့ ဆက်လက်၍မပိုင်ဆိုင်နိုင်ကြခြင်းသည် မြေယာပိုင်ခွင့်စံနစ်စည်းမျဉ်းအသစ် သတ်မှတ်ခြင်းကြောင့်သာ ဖြစ်သည်။ ထိုအက်ဥပဒေသည် လယ်ယာမြေများကို မည်သူမျှ မပိုင်ဆိုင်စေရပြီဟု မြေယာပိုင်ခွင့်စံနစ်ကို လုံးဝဖျက်သိမ်းသော အက်ဥပဒေမဟုတ်ချေ။
  • အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တတိယဇယား စာရင်း ၁ ပြည်ထောင်စုနိုင်ငံဥပဒေပြုစာရင်းပါ အမှတ် ၅ (၄)အရ လည်း ပါလီမန်မှာ ပြည်ထောင်စုနိုင်ငံကိစ္စများအတွက် ပစ္စည်းရယူရေးအလို့ငှာ ဥပဒေပြုလုပ်နိုင်ခွင့် အာဏာရှိသေးသည်။
  • ၁၉၄၈ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေသည် ပြည်ထောင်စုနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၃၀ တွင်ပါရှိသော တောင်သူလယ်သမား များအတွက် နိုင်ငံတော်၏တာဝန် ဝတ္တရားများကို အထိုက်အလျောက်တစိတ်တဒေသအားဖြင့် ကျေပွန်အောင် ဆောင်ရွက်ပေးနိုင်စေမည့် အက်ဥပဒေတရပ်ဖြစ်ချေသည်။
  • ထောက်ဆ၍ ၁၉၄၈ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်နယ်များတွင် အာဏာတည်သည်ဟု ကျွန်ပ်တို့သဘောရကြသည်။
  • ဤသို့သဘောရကြသည့်အတိုင်း နိုင်ငံတော်သမတထံ အစီရင်ခံကြမည်။

 


[1] ၁၉၄၈ခုနှစ်၊ လွှဲအပ်မှုအမှတ် (၁)၊ နိုင်ငံတော်တရားဝန်ကြီးချုပ် ဦးသိမ်းမောင်၊ တရားဝန်ကြီးဦးဧမောင်နှင့် တရားဝန်ကြီး ဦးမြင့်သိန်းတို့ကြားနာသည်။