Main menu

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားစီရင်မှု (၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ) ၁၉၅၈ ခုနှစ်၊ လွှဲအပ်မှုအမှတ် -၁

မအူပင်မြောက်ပိုင်း မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဘဦး၏ အမတ်အဖြစ် နုတ်ထွက်လွှာမှ ပေါ်ပေါက်လာသော ပြဿနာကို ဆုံးဖြတ်ချက်ရယူရန်လွှဲအပ်မှု။

           

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၁၅၁၊ ၇၃ () ()- အမတ်အဖြစ်မှ နုတ်ထွက်လျှင် ဘယ်အချိန်အခါ ၄င်း၏နေရာလစ်လပ်သနည်း၊ ပုဒ်မ ၇၃ () () () နုတ်ထွက်ခြင်း ထမြောက်ပါက၊ နုတ်ထွက်ခြင်းကို ရုပ်သိမ်းနိုင်ခွင့်လုံးဝမရှိ- ထွက်သည်နှင့် တပြိုင်နက် ထိုအခါ၌ အမတ်၏နေရာလစ်လပ်ခြင်း- အခြေခံဥပဒေပုဒ်မ ၈၀() အရ၊ ပြုလုပ်ထားသော ပြည်သူ့ လွှတ်တော် လုပ်ငန်းစဉ်နည်းဥပဒေ၇()- အခြေခံဥပဒေပုဒ်မ ၂၁၇။ နည်းဥပဒေ၇ () ကို လွှတ်တော်ကသတ်မှတ်ပိုင်ခွင့်မရှိ။

မအူပင်မြောက်ပိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးဘဦးသည် "ပါလီမန် အမတ်အဖြစ်မှ နုတ်ထွက်လိုပါကြောင်း" ဟု ၁၉၅၈ခုနှစ် ​မေလ ၁၉ ရက် နေ့စွဲပါ ရေစ္စတြီစာဖြင့် မအူပင်စာတိုက်မှ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် နိုင်ငံတောသမတထံပေးပို့လိုက်ကြောင်း။

ဤကဲ့သို့ ပို့ပြီးနောက် ၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့ ၌ တဖန် "ကျွန်တော်၏ နုတ်ထွက် စာကို ပြန်လည်ရုပ်သိမ်းခွင့်ပြုပါ" ဟုလွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် နိုင်ငံတော်သမတထံ ပေးပို့ပြန် လေသည်။

အဆိုပါ စာနှစ်စောင်ကို သမတကြီးထံသို့ တကြိမ်တည်း တင်သွင်းရာ သမတကြီးက မအူပင် မြောက်ပိုင်းမဲဆန္ဒနယ်အမတ်၏နေရာသည် ၁၉၅၈ခုနှစ် မေလ ၁၉ရက်နေ့မှစ၍လစ်လပ်သည် ဟုကျေညာခဲ့ကြောင်း။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၁၅၁ အရ၊ နိုင်ငံတော်သမတကအောက်ပါ ဥပဒေ ကြောင်းဆိုင်ရာ ပြဿနာများကို လွှတ်တော်ချုပ်သို့ စဉ်းစားဆုံးဖြတ်စေရန် လွှဲလိုက်ကြောင်း။

(၁) အခြေခံဥပဒေပုဒ်မ ၇၃(၂) (ခ)အရ။ လွှတ်တော်အမတ်တဦးသည် နိုင်ငံတော် သမတထံသို့မိမိကိုယ်တိုင် လက်မှတ်ရေးထိုး၍ အဆမတ်အဖြစ်မှနုတ်ထွက်စာ တင်သွင်း ခဲ့သော် ထိုနုတ်ထွက်စာကို ဥပဒေအရ ရုပ်သိမ်းနိုင်ပါသလော။

(၂) ဤကဲ့သို့ မရုပ်သိမ်းနိုင်ပါလျှင် သို့တည်းမဟုတ် မရုပ်သိမ်းနိုင်လျှင်ထို အမတ်၏ နေရာ သည် ဘယ်သောအခါ၌လစ်လပ်ပါမည်နည်း။

ဆုံးဖြတ်ချက်။ အခြေခံဥပဒေပုဒ်မ ၇၃(၁) (၂) (ခ) အရ နုတ်ထွက်ခြင်း ထမြောက်ပါက နုတ်ထွက်ခြင်းကိုရုပ်သိမ်းနိုင်ခွင့်လုံးဝမရှိ။

နိုင်ငံတော်သမတတွင် နုတ်ထွက်ခွင့်ကို ပေးနိုင်သော အာဏာသော်၄င်း၊ ငြင်းပယ်နိုင်သည့် အာဏာသော်၄င်း လုံးဝမရှိချေ။ အမတ်တဦးနုတ်ထွက်သည်နှင့် တပြိုင်နက် ထိုအခါ၌ အခြေခံ ဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ နည်းဥပဒေများပြုလုပ်ရမည်။ ပြည်သူ့လွှတ်တော် နည်းဥပဒေ၇(၂)သည် အခြေခံဥပဒေပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်နေသည့်အပြင် လွှတ်တော်၏ လုပ်ငန်းစဉ်နှင့် မူခင်းကိစ္စဆောင်ရွက်မှုများ၏ ပြင်ပသို့ရောက်နေသည်။ ပြည်သူ့လွှတ်​တော် နည်း ဥပဒေဆိုသည်မှာ ပြည်သူ့လွှတ်တော်အတွင်းတွင်သာသုံးရမည့်နည်းဥပဒေများဖြစ်၍ လွှတ်တော် ပြင်ပ၌ ပေါ်ပေါက်သောကိစ္စများအတွက် မသက်ရောက်နိုင်ချေ။ ထို့ကြောင့်လွှတ်တော်က နည်းဥပဒေ ၇(၂)ကိုသတ်မှတ်ပိုင်ခွင့်မရှိ။

အထက်ပါပြဿနာများကို အောက်ပါအတိုင်းဖြေဆိုသည်။

(၁) အခြေခံဥပဒေပုဒ်မ ၇၃ (၂) (ခ) အရ လွှတ်တော်အမတ်တဦးသည် နိုင်ငံတော်သမတထံသို့ မိမိကိုယ်တိုင်လက်မှတ်ထိုး၍ နုတ်ထွက်စာတင်သွင်းခဲ့သော် ထိုနုတ်ထွက်စာကို ဥပဒေအရမရုပ် သိမ်းနိုင်။

(၂) ထိုအမတ်၏နေရာသည် နုတ်ထွက်စာတင်သွင်းသည့် အချိန်အခါ၌ လစ်လပ်သည်။

နိုင်ငံတော်ရှေ့နေကြီးအတွက် ဦးဧမောင်နှင့်ဦးရန်အောင် လိုက်ပါဆောင်ရွက်၍ ယခင်က ပြည်သူ့လွှတ်တော် အမတ်ဖြစ်သူ ဦးဘဦးအတွက် ဦးဘမော်လိုက်ပါဆောင်ရွက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၁ အရ၊ နိုင်ငံတော်သမတက အောက်ပါ ဥပဒေကြောင်း ဆိုင်ရာပြဿနာများကို ဤရုံးတော်ကစဉ်းစားစေရန်လွှဲအပ်လိုက်သည်။

(၁) အခြေခံဥပဒေပုဒ်မ ၇၃(၂)(ခ)အရ လွှတ်တော်အမတ် တဦးသည် နိုင်ငံတော်သမတထံသို့ မိမိကိုယ်တိုင် လက်မှတ်ထိုး၍ အမတ်အဖြစ်မှ နုတ်ထွက်စာတင်သွင်းခဲ့သော် ထိုနုတ်ထွက်စာကို ဥပဒေအရရုပသိမ်းနိုင်ပါသလော။

(၂) ဤကဲ့သို့ မရုပ်သိမ်းနိုင်ပါလျှင် သို့တည်းမဟုတ် မရုပ်သိမ်းလျှင် ထိုအမတ်၏နေရာသည် ဘယ်သောအခါ၌လစ်လပ်ပါမည်နည်း။

ဤပြဿနာများမှာ မအူပင်မြောက်ပိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ်ဦးဘဦး၏ အမတ်အဖြစ်မှနုတ်ထွက်စာတင်သွင်းခြင်းနှင့် ပတ်သက်၍ပေါ်ပေါက်လာသည်။ ဖြစ်ပျက်ပုံ အကြောင်းချင်းရာမှာအောက်ပါအတိုင်းပင်ဖြစ်ကြောင်းလိုက်ပါဆောင်ရွက်ကြသော ပညာရှိရှေ့နေ ကြီးများကသဘောတူဝန်ခံကြသည်။

(၁) ၁၉၅၈ ခုနှစ်၊ မေလ ၁၉ ရက်နေ့၌ "ပါလီမန်အမတ်အဖြစ်မှ နုတ်ထွက် လိုက်ပါကြောင်းလေးစားစွာ အစီရင်ခံအပ်ပါသည်" ဟုပါရှိသော စာကို လက်မှတ်ထိုး၍ နိုင်ငံတော် သမ္မတထံသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် မအူပင်စာတိုက်တွင် ရေစစ္စတြီလုပ်ပြီး ထိုနေ့ က ပင် ပေးပို့လိုက်ကြောင်း။

(၂) ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့၌တဖန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတဆင့် နိုင်ငံတော်သမတထံသို့ " ကျွန်တော်၏နုတ်ထွက်စာကို ပြန်လည်ရုပ်သိမ်းခွင့်ပြုရန် လေးစားစွာ နှင့်မေတ္တာရပ်ခံအပ်ပါသည်" ဟုပါရှိသည့်စာကို လူတစ်ယောက်နှင့်ပေးပို့လိုက်ကြောင်း။

(၃) ဒုတိယစာကို ယူဆောင်လာသူက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးရုံးတွင် ၁၉၅၈ခုနှစ် ၊မေလ ၂၂ ရက်နေ့ န့နက်၁၀နာရီအချိန်၌ပေးအပ်ကြောင်း။ ၁၉၅၈ခုနှစ်၊ မေလ ၁၉ရက်နေ့က ပေးပို့လိုက်သောစာမှာမူ စာတိုက်ကလာရသဖြင့် နောက်နှစ်နာရီကြာမှ လွှတ်တော်ဥက္ကဋ္ဌကြီးရုံး သို့ရောက်ရှိကြောင်း။

(၄) နိုင်ငံတော်ရှေ့နေချုပ်ကြီး၏ အကြံပေးချက်အရ ၄င်း၏အစီရင်ခံစာနှင့်အတူ အဆိုပါစာနှစ်စောင်ကို သမတကြီးထံ သို့တင်သွင်းရာ ထိုနေ့၌ပင် မအူပင်မြောက်ပိုင်း မဲဆန္ဒနယ် အမတ်၏နေရာသည် ၁၉၅၈ခုနှစ်၊ မေလ ၁၉ ရက်နေ့မှစ၍ လစ်လပ်သည်ဟုကျေညာခဲ့ကြောင်း။

ပေါ်ပေါက်သောပြဿနာများကို စဉ်းစားဝေဖန်ရာ၌ အခြေခံဥပဒေအရ ထမ်းဆောင်ရသည့် ရာထူးများကို သက်ဆိုင်ရာပုဂ္ဂိုလ်အသီးသီးအား စွန့်လွှတ်နိုင်ခွင့်ပေးထားကြောင်းကို တွေ့မြင်သည်။ ဥပမာဆိုသော် အခြေခံဥပဒေပုဒ်မ ၆၄(၁) အရ နိုင်ငံတော်သမတပင်လျှင် ထွက်ခွင့်ရှိကြောင်း ထင်ရှားသည်။ သို့သော် မည်ကဲ့သို့နုတ်ထွက်ရမည်ကိုဖော်ပြထားခြင်းမရှိ။

ပုဒ်မ ၆၇ (၂)နှင့် (၅) အရ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ လူမျိုးစု လွှတ်တော်နာယကနှင့်ဒုတိယနာယကတို့သည် "နိုင်ငဲတော်သမတထံသို့ မိမိကိုယ်တိုင် လက်မှတ် ရေးထိုးတင်သွင်းသော စာဖြင့်ရာထူးမှနုတ်ထွက်နိုင်သည်။"

ပုဒ်မ ၁၁၇(၁) အရ၊ "နိုင်ငံတော်သမတလက်သို့ မိမိ၏နုတ်ထွက်လွှာကို ပေးအပ်ခြင်းဖြင့် ဝန်ကြီးချုပ်သည် အခါမရွေးရာထူးမှနုတ်ထွက်နိုင်သည်။

ပုဒ်မ ၁၁၇(၂) အရ၊ နိုင်ငံတော်သမတထံသို့ တင်သွင်းစေ၇န်၊ မိမိ၏နုတ်ထွက်လွှာကို ဝန်ကြီးချုပ်လက်သို့ ပေးအပ်ခြင်းဖြင့် မည်သည့်အစိုးရအဖွဲ့ဝင် ဝန်ကြီးမဆို၊ ရာထူးမှနှုတ် ထွက်နိုင်သည်။ နိုင်ငံတော်သမတကလက်ခံသောအခါ ထိုသို့နုတ်ထွက်ခြင်းသည်အတည်ဖြစ်ရမည်။

ပုဒ်မ ၁၂၇(၁) အရ "နိုင်ငံတော်သမတထံသို့ တင်သွင်းရန်ဖြစ်သောနုတ်ထွက်စာကို ဝန်ကြီးချုပ်အားပေးအပ်ခြင်းဖြင့်နိုင်ငံတော်​ရှေ့နေချုပ်သည် အခါမရွေးရာထူးမှနုတ်ထွက်နိုင်သည်။"

ပုဒ်မ၁၄၃(၁) အရ တရားဝန်ကြီးတဦးသည် "မိမိကိုယ်တိုင် လက်မှတ်ထိုးသော နုတ်ထွက်စာကို နိုင်ငံတော်သမတထံသို့ တင်သွင်းခြင်းဖြင့်ရာထူးမှ နုတ်ထွက်နိုင်သည်။

ပုဒ်မ ၇၃(၂)(ခ)အရ "နိုင်ငံတော်သမတထံသို့ မိမိကိုယ်တိုင်လက်မှတ်ထိုး၍ နုတ်ထွက်စာ တင်သွင်းခြင်းအားဖြင့် အမတ်အဖြစ်မှ နုတ်ထွက်ခဲ့သော် ထိုအမတ်၏နေရာသည် ထိုအခါ၌ လစ်လပ်ရမည်။"

အထက်ပါကောက်နုတ်ချက်များကို ကြည့်ခြင်းအားဖြင့် အခြေခံဥပဒေအရ ရာထူးမှ နုတ်ထွက်လိုပါက နိုင်ငံတော်သမတထံသို့ တိုက်ရိုက်သော်၄င်း ဝန်ကြီးချုပ်မှတဆင့်သော်၄င်း နုတ်ထွက်စာတင်သွင်းရမည်ဖြစ်သည်။ သို့ရာတွင် ဝန်ကြီးများနှင့်အမတ်များနှင့်အမတ်များရာထူးမှ ထွက်ခြင်းနှင့်သက်ဆိုင်သော ပုဒ်မများမှာ ခြားနားသည်ကို တွေ့မြင်ရသည်။ ဝန်ကြီးများမှာ မိမိတို့၏နုတ်ထွက်စာကို နိုင်ငံတော်သမတက လက်ခံသောအခါမှသာ ထွက်ခွင့်ရသော်လည်း အမတ်များမှာနုတ်ထွက်ရပါသည်ဟု အကြောင်းကြားသောအခါ၌ ထိုအမတ််၏နေရာသည် လစ်လပ်ရပေမည်။

ပုဒ်မ၇၃ (၁)(၂)(ခ)တွင် အထူးပင်ရှင်းလင်းသော စကားလုံးများကို သုံးစွဲထား၍ အဓိပ္ပာယ် နှစ်မျိုးကောက်ယူနိုင်ရန် မဖြစ်ချေ။ ထို့ကြောင့်ဦးဘဦးအတွက် လိုက်ပါဆောင်ရွက်သူပညာရှိ ရှေ့နေကြီးက နုတ်ထွက်ခြင်းထမြောက်ပါက နုတ်ထွက်သောအမတ်မင်းမှာ နုတ်ထွက်ခြင်းကို ရုပ်သိမ်းနိုင်ခွင့်လုံးဝမရှိ သည်ကိုဝန်ခံသည်။ သို့သော် ပညာရှိရှေ့နေကြီးက နိုင်ငံတော်သမတထံသို့ အမတ်တဦးသည် နုတ်ထွက်သည်ဟုစာရေးယုံမျှဖြင့် နုတ်ထွက်ခြင်းအရာမရောက်သေးပါ။ နိုင်ငံတော်သမတလက်သို့ လုပ်ရိုးလုပ်စဉ်အတိုင်း ရောက်ရှိမှသာ နုတ်ထွက်ခြင်းပြီးမြောက်ပါ သည်ဟု လျောက်ထားသည်။ ဦးဘဦး၏နုတ်ထွက်စာသည် နိုင်ငံတော်သမတထံသို့ နောက်ဆုံး၌ ရောက်ရှိသည်ကို ရုံးတော်က သတိပေးခဲ့ရာ ပညာရှိရှေ့နေကြီးကနိုင်ငံတော်သမတထံသို့ နောက်ထပ် ပေးပို့သည့် နုတ်ထွက်ခြင်းကို ရုပ်သိမ်းခွင့်တောင်းသောစာနှင့်အတူရောက်သဖြင့် ပဌမနုတ်ထွက်စာ ပေါ်တွင် အရေးယူရန် မလိုဟုချေပသည်။ ယခုကိစ္စ၌မူကား နိုင်ငံတော်သမတတွင် နုတ်ထွက် ခွင့်ကိုပေးနိုင်သော အာဏာသော်၄င်း ငြင်းပယ်နိုင်သည့် အာဏာသော်၄င်း ရှိခဲ့ပါမူ ပညာရှိ ရှေ့နေကြီး၏လျောက်ထားချက်မှာ အခြေအမြစ်ရှိကောင်းရှိပေမည်။ သို့သော် နိုင်ငံတော် သမတ တွင်ဤကဲ့သို့သောအာဏာလုံးဝမရှိချေ။အမတ်တဦးနုတ်ထွက်သည်နှင့်တပြိုင်နက် ထိုအခါ၌ ၄င်း၏ နေရာလစ်လပ်ရမည်ဟု ပုဒ်မ ၇၃(၂) (ခ) တွင်အတိအလင်းပါရှိသည်။

ပညာရှိရှေ့နေကြီးက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အခြေခံဥပဒေတွင် ပါရှိသည့်စကားရပ်ဖြစ်သော "by writing addressed to the President" ကို ကိုးကား၍ "addressed to" ဆိုသည်မှာ အခြားနိုင်ငံအချို့တို့၏ အခြေခံဥပဒေတွင် သုံးလေ့ရှိသော စကားလုံး ဖြစ်ကြောင်။ ထို့ကြောင့် ၄င်းစကားရပ်ကို "ပေးပို့သည်" ဟုသာမန်အဓိပ္ပာယ်မကောက်ယူဘဲ အခြေခံဥပဒေအသုံးအနှုန်းဖြစ်သည့်အလျှောက် ပေးပို့ရာ၌ မည်ကဲ့သို့ပေးပို့ရမည်ဟု ပြဋ္ဌာန်းထား သော နည်းဥပဒေအတိုင်း လိုက်နာမှသာ "addressed to " ဆိုသောစကားလုံးနှင့် ကိုက်ညီမည်။ ပေးပို့ရမည့်နည်းမှာလည်း အခြေခံဥပဒေပုဒ်မ၈၀(၁)အရ၊ ပြုလုပ်ထားသော ပြည်သူ့လွှတ်တော် လုပ်ငန်းစဉ်နည်းဥပဒေ၇(၂) က ညွှန်ကြားထားသည့်အတိုင်း နုတ်ထွက်စာကို နိုင်ငံတော်သမတ ကလက်ခံမှသာ နုတ်ထွက်ခြင်းသည် အရာရောက်မည်ဟုလျှောက်ထားပြန်သည်။

အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော အခြေခံဥပဒေတခုတည်းကိုသာ ကိုးကားရမည် ဆိုလျှင် "addressed to" ဆိုသောစကားလုံးမှာ အခြေခံဥပဒေအသုံးအနှုန်းဖြစ်သည်မဖြစ်သည် ငုတ်နေသောအဓိပ္ပယ်မျိုးရှိသည်မရှိသည်တို့ကို လေးနက်စွာဝေဖန်ရပေမည်။ သို့သော်အခြေခံ ဥပဒေပုဒ်မ ၂၁၇အရ မြန်မာဘာသာစာမူနှင့် အင်္ဂလိပ်ဘာသာစာမူနှစ်မူလုံးသည် ထိုဥပဒေကို ပြဋ္ဌာန်းချက်များအတွက် အပြီးအပြတ်တည်စေရမည်ဖြစ်၍ နှစ်မူလုံးကိုပင် အားထားဝေဖန်ရမည်။ မြန်မာစာမူတွင် "address to" ဟူသောစကားရပ်အတွက်တင်သွင်းသည်" ဟုပါရှိသည်။ ရှင်းလင်းသော စကားလုံးပင်ဖြစ်၍ "addressed to "ဆိုသောစကားလုံးမှာလည်း အင်္ဂလိပ် ဘာသာအရ "directed" သို့မဟုတ် "sent"ဟူ၍သာ သာမန်အားဖြင့် ပြန်ဆိုရပေမည်။

ပြည်သူ့လွှတ်တော် လုပ်ငန်းစဉ်နည်းဥပဒေ ၇ မှာ အောက်ပါအတိုင်းဖြစ်သည်။

"၇။ (၁) အမတ်တဦးသည် မိမိကိုယ်တိုင်လက်မှတ်ရေးထိုးထားသော နုတ်ထွက် စာကို နိုင်ငံတော်သမတထံ ဥက္ကဋ္ဌ မှတဆင့် တင်သွ၍်းခြင်းဖြင့် အမတ်အဖြစ်မှ နုတ်ထွက်နိုင်သည်။

                        (၂) နိုင်ငံတော်သမတက နုတ်ထွက်စာကို လက်ခံရရှိသောအချိန်မှစ၍ ထိုအမတ်၏ နေရာလစ်လပ်သည်ဟု ယူဆရမည်။"

လွှတ်တော်နည်းဥပဒေများကို ပြုလုပ်ရာ၌ အခြေခံဥ၌ဒေပုဒ်မ ၈၀(၁) အရသာပြုလုပ် နိုင်ခွင့်ရှိသည်။ ပုဒ်မ ၈၀(၁) ကလည်း "ဤအခြေခံဥပဒေရှိပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပါလီမန်ဆိုင်ရာလွှတ်တော်အသီးသီးသည် လွှတ်တော်၏ လုပ်ငန်းစဉ်နှင့် မူခင်းကိစ္စဆောင်ရွက် မှုတို့ကိုစည်းမျဉ်းသတ်မှတ်စေရန် နည်းဥပဒေများကို ပြုနိုင်သည်။" ဟုဖော်ပြထားသည်။

သို့ဖြစ်၍ ပြည်သူ့လွှတ်တော်နည်းဥပဒေများ ပြဋ္ဌာန်းရာ၌ အခြေခံဥပဒေကိုလည်း မဆန့်ကျင် စေရ၊ ထို့ပြင်လည်း ပြည်သူ့လွှတ်တော်လုပ်ငန်းစဉ်နှင့် မူခင်းကိစ္စဆောင်ရွက်မှုတို့နှင့်သာ သက်ဆိုင် ရပေမည်။ ဤအကြောင်းအရာများကိုထောက်ထားသော် နည်းဥပဒေ၇(၁)တွင် နိုင်ငံတော်သမတ ထံမှတဆင့် တင်ရမည်ဟုဆိုထားခြင်းသည် အခြေခံ ဥပဒေပုဒ်မ၇၃(၂)(ခ)အရအမတ်တဦး၏ နိုင်ငံတော်သမတထံသို့ တိုက်ရိုက်တင်သွင်းနိုင်ခွင့်ကို ချုပ်ချယ်ထားရာရောက်နေသည်။ ဥက္ကဋ္ဌမှ တဆင့် တင်သွင်းရမည်ဆိုခြင်း၏ရည်ရွယ်ချက် မှာ နိုင်ငံတော်သမတကို လေးစားသောအားဖြင့်၄င်း လွှတ်တော်ဥက္ကဋ္ဌကိုနုတ်ထွက်ကြောင်း အသိပေးစေလိုခြင်းကြောင့်၄င်း ဖြစ်ပေမည်။ ဤကဲ့သို့ လွှတ်တော်မှ တဆင့်တင်လျှင်လည်း အခြေခံဥပဒေနှင့်ဆန့်ကျင်သည်ဟု ဤရုံးတော်ကမဆိုလိုချေ။ သို့သော်အမတ်တဦးသည် ဥက္ကဋ္ဌထံမှတဆင့် မတင်သွင်းဘဲ နိုင်ငံတော်သမတထံသို့ တိုက်ရိုက် တင်သွင်းလိုလျှင် အခြေခံဥပဒေအရ တင်သွင်းနိုင်ခွင့်ရှိကြောင်းကိုသာဖော်ပြလိုသည်။ အခြေခံဥပဒေ ပုဒ်မ ၇၃(၂)(ခ)ကနုတ်ထွက်ခဲ့သော် ထိုအခါ၌ အမတ်နေရာသည် လစ်လပ်ရမည်ဟု အတိအလင်း ပါရှိပါလျက် နည်းဥပဒေ၇(၂) က နိုင်ငံတော်သမတလက်ခံရရှိမှသာထိုရေရာသည် လစ်လပ်ရမည် ဆိုထားခြင်းမှာ အခြေခံဥပဒေပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်နေသည့်အပြင် လွှတ်တော်၏ လုပ်ငန်းစဉ် နှင့်မှုခင်းကိစ္စဆောင်ရွက်မှုများ၏ ပြင်ပသို့ရောက်နေသည်။ ပြည်သူ့လွှတ်တော် နည်းဥပဒေ ဆိုသည်မှာ ပြည်သူ့လွှတ်တော်အတွင်းတွင်သာ သုံးရမည့်နည်းဥပဒေများဖြစ်၍ လွှတ်တော်ပြင်ပ၌ ပေါ်ပေါက်လာသောကိစ္စများအတွက် အကျိုးမသက်ရောက်နိုင်ချေ။ ထို့ကြောင့် နည်းဥပဒေ ၇(၂) ကိုသတ်မှတ်ပိုင်ခွင့်မရှိဟု ဤရုံးတော်ကယူဆသည်။

ဤအကြောင်းများကြောင့် ပြဿနာများကို စဉ်းစားသုံးသပ်ရာ၌ အခြေခံဥပဒေ ပုဒ်မ၇၃(၂)(ခ)ကိုအဓိကထားရမည်။ ၄င်းပုဒ်မအရ အမတ်တဦးသည် နုတ်ထွက်လိုက ပဌမ မိမိက နုတ်ထွက်ကြောင်းကိုဆုံးဖြတ်ရမည်။ ဒုတိယ ထိုကဲ့သို့ ဆုံးဖြတ်ကြောင်းကိုလက်မှတ်ထိုး၍စာဖြင့် နိုင်ငံတော်သမတထံသို့ တင်သွင်းရမည်။ နိုင်ငံတော်သမတထံသို့ ဘယ်အချိန်အခါမှ ထိုစာရောက် သည်ဆိုသောအချက်မှာ အဓိကမဟုတ်။ စိတ်ပိုင်းဖြတ်ပြီးနုတ်ထွက်ခြင်းသည်သာလျှင်အဓိကဖြစ်၍ နိုင်ငံတော်သမတထံသို့ စာတင်သွင်း ခြင်းမှာ နုတ်ထွက်ကြောင်းကို အသိပေးခြင်းသာဖြစ်သည်ဟု ယူဆရပေမည်။ ဤကိစ္စတွင် အမတ်မင်း ဦးဘဦးမှာအအူပင်မြို့ရှိပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှတဆင့် နိုင်ငံတော်သမတထံသို့ ပေးပို့သောအခါ၌ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း တင်သွင်းခြင်းအထမြောက်သည်။

ဤအကြောင်းများကြောင့် ပြဿနာများကို အောက်ပါအတိုင်းဖြေဆိုပါသည်။

(၁) အခြေခံဥပဒေပုဒ်မ ၇၃(၂)(ခ) အရ လွှတ်တော်အမတ် တဦးသည် နိုင်ငံတော်သမတထံသို့ မိမိကိုယ်တိုင်လက်မှတ်ထိုး၍ နုတ်ထွက်စာတင်သွင်းခဲ့သော် ထိုနုတ်ထွက်စာ ကို ဥပဒေအရ မရုပ်သိမ်းနိုင်။

(၂) ထိုအမတ်၏နေရာသည် နုတ်ထွက်စာစတင်တင်သွင်း သည့်အချိန်အခါ၌ လစ်လပ်သည်။

နိုင်ငံတော်သမတ၏စာလွှာ၌ ၁၉၅၄ခုနှစ်က ပေါ်ပေါက်ခဲ့သော အမတ်မင်း ဦးကျော်တင့် ကိစ္စကိုဖော်ပြထားသည်။ သက်ဆိုင်ရာစာရွက်စာတမ်းများ ကိုစစ်ဆေးကြည့်ရှုရာအဖြစ်အပျက်မျာ ဦးဘဦးကိစ္စနှင့်ခြားနားခြင်း တွေ့ရသည်။

ဦးကျော်တင့်၏စာမှာ "ကျွန်တော်အား (ပြည်သူ့လွှတ်တော်အမတ်၊ သထုံမြောက်ပိုင်း) အဖြစ်မှနုတ်ထွက်ခွင့်ပြုပါမည့်အကြောင်းရိုသေလေးမြတ်စွာ လျောက်ထားအစီရင်ခံအပ်ပါသည်" ဟုပါရှိသည်။ နောက်ထပ်"ကျွန်တော်၏ ပြည်သူ့လွှတ်တော်အမတ်အဖြစ်မှ နုတ်ထွက်ရန် ခွင့်ပြုပါ မည့်အကြောင်းလျှောက်လွှာကို ပြန်လည်ရုပ်သိမ်းပါသည်" ဟုစာတစောင်ပေးပို့ပြန်သည်။

ဦးကျော်တင့်၏စာမှာ နုတ်ထွက်စာမဟုတ်၊ နုတ်ထွက်ခွင့်တောင်းသောစာသာဖြစ်၍ နိုင်ငံတော်သမတထံတွင် ဖွဲ့စည်းအုပ်ချုပ်ပံဒအခြေခံဥပဒေပုဒ်မ ၇၃(၂)(ခ) အရ ဤကဲ့သို့ခွင့် ပေးနိုင်ရန်အာဏာမရှိသည်တကြောင်း၊ ခွင့်တောင်းခြင်းကိုလည်းနောက်ပေးပို့သောစာဖြင့် ပြန်လည် ရုပ်သိမ်းခဲ့သည်တကြောင်းတို့ကြောင့် နိုင်ငံတော်သမတက ထိုစာများပေါ်တွင် အရေးမယူခဲ့သည် မှာထင်ရှားသည်။