နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အဖွဲ့ဝင် ဒေါက်တာမာလာအောင် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်းများအသင်းကြီး (AACC) ၏ ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊၂၀၂၃ ဇွန် ၆
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အဖွဲ့ဝင် ဒေါက်တာမာလာအောင်သည် မွန်ဂိုလီးယားနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်းကြီး (AACC)၏ ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲအခမ်းအနားသို့ ၅-၆-၂၀၂၃ ရက်နေ့ မြန်မာစံတော်ချိန်မွန်းလွဲ ၁၃:၃၀ အချိန်တွင် online မှ တစ်ဆင့် ပါဝင်တက်ရောက် ခဲ့သည်။
ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးသို့ AACC အဖွဲ့ဝင် နိုင်ငံပေါင်း ၂၀ မှ တရားသူကြီး ချုပ်များ၊ ဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်း အဝေးနှင့်အတူ Protection of Human Rights within the Constitutional Review ခေါင်းစဉ် ဖြင့် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲအား ကျင်းပခဲ့ရာ မြန်မာနိုင်ငံအပါအဝင် မွန်ဂိုလီးယားနိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တူကီယဲနိုင်ငံတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးများမှ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက စာတမ်းများ ဖတ်ကြား တင်ပြခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဒေါက်တာမာလာအောင် က The Improvement of the Protection of Human Rights within Constitutional System in Myanmar ခေါင်းစဉ်ဖြင့် စာတမ်းကို ဖတ်ကြားတင်ပြခဲ့ရာ “မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြကြောင်းနှင့် ထိုတိုင်းရင်းသား လူမျိုးအားလုံးအား မည်သည့်နည်းနှင့်မျှ ခွဲခြားမှုမရှိစေရဘဲ နိုင်ငံသားများ၏ အခြေခံအခွင့်အရေး များအားလုံးကို အခြေခံဥပဒေဖြင့် တန်းတူအာမခံပေးထားကြောင်း၊ မြန်မာနိုင်ငံသည် လူ့အခွင့် အရေးဆိုင်ရာဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးထား ကြောင်း၊ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများအား အခြေခံဥပဒေနှင့်အညီ အကာအကွယ် ပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တိုင်လျှောက်သည့်နည်းလမ်းဖြင့် အကာအကွယ်ပေးထားကြောင်း၊ ထို့ပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံသို့ စာချွန်တော်လျှောက်ထားခြင်း နည်းလမ်းဖြင့်လည်း အကာအကွယ် ပေးထားကြောင်း တင်ပြဆွေးနွေးခဲ့ပြီး အခြားတက်ရောက်လာကြသော အဖွဲ့ဝင်နိုင်ငံများမှ စာတမ်းများအား ဆက်လက်ဖတ်ကြား တင်ပြခဲ့ကြသည်။ ထို့နောက် အစည်းအဝေးအား မြန်မာ စံတော်ချိန် မွန်းလွဲ ၁၇:၀၀ တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။