နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါရုံး၌ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်စီမံခန့်ခွဲမှုယန္တရားများကို ချောမွေ့စွာ လည်ပတ်နိုင်ရန် အထောက်အပံ့ပေးရသည့် ပုဂ္ဂိုလ်များဖြစ်သည့်အတွက် နိုင်ငံတော်၏ ပင်မဥပဒေ အရင်းအမြစ်ကြီးဖြစ်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်၊ ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ၊ ရာဇသတ်ကြီး အစရှိသည့် ဥပဒေ များကို အသိပညာဗဟုသုတရှိရန် လိုအပ်ကြောင်း၊ ထိုသို့ သိရှိရမည့်အပြင် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရန် ကျင့်သုံးရန်လည်း လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ဥပဒေဆိုင်ရာအခြေခံသဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ပြီး သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီး၌ ပေးအပ်သည့် တာဝန်များကို ဥပဒေနှင့်အညီ စနစ်တကျတာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သော နိုင်ငံ့ဝန်ထမ်း များဖြစ်စေရန်အတွက် ဥပဒေအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယနေ့ဟောပြောပွဲသို့ တက်ရောက်လာသည့် အရာထမ်း/အမှုထမ်းများအနေနှင့်လည်း အကျိုးရှိစွာ စနစ်တကျ လေ့လာသင်ယူသွားကြရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် အရာထမ်း တစ်ဦးမှ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ဟောပြောဆွေးနွေးပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
အရာထမ်း၊ အမှုထမ်းများအတွက် ဥပဒေအသိပညာပေး ဟောပြောပွဲကို တစ်လလျှင်နှစ်ကြိမ် လစဥ်ဆောင်ရွက်လျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေအပါအဝင် နိုင်ငံ့ဝန်ထမ်းများ သိသင့်သိထိုက်သည့် ပြည်တွင်းပြဋ္ဌာန်းဥပဒေ ၂၁ ခုကို ဥပဒေဘွဲ့ရအရာထမ်းများက ဟောပြော ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။