နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌဦးဆောင်သော အဖွဲ့ ဘန်ကောက်မြို့တွင် ကျင်းပသောအာရှဒေသဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့်အဆင့်တူအဖွဲ့အစည်းများအသင်း(AACC) ၏ (၆) ကြိမ်မြောက်ညီလာခံနှင့်ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးသို့တက်ရောက်

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၂၂
ထိုင်းဘုရင့်နိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး ဥက္ကဋ္ဌ H.E. Mr.Nakharin Mektrairat ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်နိုင်ငံ၊ ဘန်ကောက် မြို့တွင် “The Constitutional Courts and Equivalent Institutions in Strengthening Constitutional Justice for Sustainable Society” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အာရှဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့်အဆင့်တူအဖွဲ့အစည်းများအသင်း (Association of Asian Constitutional Courts and Equivalent Institutions- AACC) ၏ (၆) ကြိမ် မြောက်ညီလာခံ နှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးသို့ စက်တင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ တက်ရောက်ခဲ့သည်။
AACC အသင်းကြီး၏ (၆) ကြိမ်မြောက်ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်း အဝေးသို့ နိုင်ငံပေါင်း(၁၈) နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များ၊ ဥပဒေပညာရှင်များနှင့် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
၁၈-၉-၂၀၂၄ ရက်နေ့တွင် ညီလာခံဖွင့်ပွဲအခမ်းအနားနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးကို ကျင်းပခဲ့ရာ အစည်းအဝေးတွင် အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး ၃ ရုံးမှ ၎င်းတို့၏ ဆောင်ရွက်မှုအစီရင်ခံစာများကို တင်ပြခဲ့ကြပြီး AACC အသင်းကြီး ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်ညီလာခံအပြီးတွင် ထုတ်ပြန်မည့် ဘန်ကောက် ကြေညာစာတမ်း (The Bangkok Declaration) တို့အပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
ထို့နောက်ညီလာခံကို ၁၉-၉-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ခုံရုံးဥက္ကဋ္ဌက “The Role of the Constitutional Courts and Equivalent Institutions in Strengthening Constitutional Justice for Sustainable Society” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေစနစ် ဖွံ့ဖြိုးတိုးတက်လာမှုများအကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ထိန်းသိမ်းကာကွယ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများ၏ အရေးပါပုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စီရင်ပိုင်ခွင့်များအကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်မှု အစရှိသည်တို့နှင့် စပ်လျဉ်း၍ ထည့်သွင်းဆွေးနွေးခဲ့သည်။ ညီလာခံသို့ တက်ရောက် လာကြသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များနှင့် ဥပဒေပညာရှင်များကလည်း ၎င်းတို့နိုင်ငံအလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့်စပ်လျဉ်းသည့် အသိအမြင်၊ အတွေ့အကြုံ၊ ဗဟုသုတများကို ဖလှယ်ခဲ့ကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။