ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် နိုင်ငံတကာဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းတို့အကြား အပြန်အလှန်ချိတ်ဆက်မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၀ပြည့်နှစ်၊ဖေဖော်ဝါရီလ၃ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် International IDEA တို့ ပူးပေါင်း၍ “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် နိုင်ငံတကာဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတည်ဆောက်ခြင်းတို့အကြား အပြန်အလှန်ချိတ်ဆက်မှု” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉:၀၀ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။ ရှေးဉီးစွာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်က ယခု ဆွေးနွေးပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း မူသဘောတရားများ၊ နိုင်ငံတကာဥပဒေဆိုင်ရာမူသဘောတရားများ၊ ဖက်ဒရယ်နိုင်ငံများရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးများ၏ တရားစီရင်ရေးဆိုင်ရာအတွေ့အကြုံများနှင့် သက်ဆိုင်သောအကြောင်း အရာများကို ဗဟုသုတရရှိလိမ့်မည်ဟုမျှော်လင့်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက် အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် မိမိတို့ခုံရုံး၏လုပ်ငန်းတာဝန်များအနက် အဓိကကျသောလုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းမူသဘောတရားသည် အလွန်ပင်နက်နဲကျယ်ပြန့် ပါကြောင်း၊ ထိုကဲ့သို့ပညာရပ်ဆန်ပြီးနက်နဲသည့် အခြေခံဥပဒေအနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း မူ သဘောတရားများကို လေ့လာဆွေးနွေးခွင့်ရမည်ဖြစ်သဖြင့် အလွန်ပင်ဝမ်းမြောက်မိပါကြောင်း၊ ထို့အပြင် နိုင်ငံတကာဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း တို့အကြား ဆက်စပ်မှုများကိုလည်း လေ့လာခွင့်ရရှိမည်ဖြစ်သဖြင့် အသိပညာ၊ ဗဟုသုတများရရှိ မည်ဟု ယုံကြည်မိပါကြောင်း၊ International IDEA Myanmarနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးတို့သည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်ပြီး IDEA အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ တော်ထူထောင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကျွမ်းကျင်မှုများ တိုးပွားလာစေရန် ပံ့ပိုး ကူညီမှုများ၊ ပူပေါင်းဆောင်ရွက်မှုများအတွက် ခုံရုံးအနေဖြင့်အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။ထို့နောက် International IDEA မှ ဌာနေကိုယ်စားလှယ် Mr. Mark McDowell က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်းကျင်းပပြုလုပ်ခဲ့ရာ Center for Constitutional Transition မှ ဒါရိုက်တာ Mr. Sujit Choudhryက ဖက်ဒရယ်နိုင်ငံများရှိ ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများ၊ တရားမဥပဒေ၊ အင်္ဂလိပ်ရိုးရာဥပဒေနှင့် တရားရေးဆိုင်ရာ အနက် အဓိပ္ပာယ်ဖွင့်ဆိုခြင်းအခန်းကဏ္ဍ၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၏အခြေခံမူများ စသည့် အကြောင်းအရာများကို ဆွေးနွေးပြီးဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ခုံရုံးသုတေသန အဖွဲ့မှအရာထမ်းများ၊ IDEA မှ တာဝန်ရှိသူများတက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယ နေ့ကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် အတွေ့အကြုံနှင့် အသိပညာများတိုးပွားလာစေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ နိုင်ငံတကာဥပဒေ သဘောတရား များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတကာဥပဒေများအကြား ဆက်နွယ်မှုများနှင့်စပ်လျဉ်း၍ အသိအမြင်၊ ဗဟုသုတများရရှိလာစေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။