တင်သွင်းလွှာအမှတ်(၁/၂၀၂၀)နှင့်စပ်လျဉ်း၍ လျှောက်လဲချက်များကို e-Court စနစ်ဖြင့် ကြားနာ

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၆
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ၂၀၂၀ ပြည့်နှစ် တင်သွင်းလွှာအမှတ် ၁၊ ဦးအယ်လ်ဖောင်းရှိုနှင့် ဥက္ကဋ္ဌ၊ ကယားပြည်နယ်လွှတ်တော်အမှုကို ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် အားလုံးစုံညီစွာ တက်ရောက်သည့် ခုံရုံးက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် လျှောက်လဲ ချက်များကို e-Court စနစ်ဖြင့် ကြားနာခဲ့သည်။
ကြားနာရာတွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (ခ)နှင့် (ဂ) တို့အား အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တင်သွင်းလွှာ တင်သွင်းလာခြင်းနှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပြုရန် အကြောင်းအရာများဖြစ်သော (၁) ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော်သမ္မတက ၃-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၂၄/၂၀၂၀ ဖြင့် ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲပြီးဖြစ်သဖြင့် ၎င်းသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခွင့် ရှိသူ ဟုတ် မဟုတ်၊ (၂) စွပ်စွဲပြစ်တင်သူ ၅ ဦးအနက် ဦးသိန်းအောင် (ခ) ဦးစဲရယ် နုတ်ထွက်သွားသည့်အတွက် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနည်းဆုံး လေးပုံတစ်ပုံပြည့်ခြင်း မရှိတော့သည့် အခြေအနေတွင် စွပ်စွဲချက်ကို ဆက်လက်စုံစမ်းစစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ (ခ) ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် လိုအပ်ခြင်း ရှိ/မရှိ သို့မဟုတ် အခြားအကြောင်းများကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃(ခ) ကို အနက် အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ခြင်း ရှိ/မရှိ၊ (၃) ဦးအယ်လ်ဖောင်းရှိုအပေါ် စွပ်စွဲပြစ်တင်ချက်ကို စုံစမ်းစစ်ဆေးနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာတွင် စွပ်စွဲ ပြစ်တင်ရာတွင် ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ထည့်သွင်းဖွဲ့စည်းထားခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃(ဂ) ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ခြင်း ရှိ/မရှိ သို့မဟုတ် အခြားအကြောင်းများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃(ဂ)ကို အနက် အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ် ခြင်း ရှိ/မရှိ” ဟူသည့် အချက်များအပေါ် သက်ဆိုင်ရာတို့၏ လျှောက်လဲချက်များကို ကြားနာသည်။
လျှောက်လဲချက်များကို တင်သွင်းလွှာတင်သွင်းသူ ဦးအယ်လ်ဖောင်းရှိုကိုယ်စား ၎င်း၏ အခွင့်ရ ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက လည်းကောင်း၊ တင်သွင်းလွှာနှင့် အကျိုး သက်ဆိုင်သော ပုဂ္ဂိုလ်၊ ဌာန သို့မဟုတ် အဖွဲ့အစည်းဖြစ်သော ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဦးလှထွေး က ကိုယ်တိုင်လည်းကောင်း၊ ရုံးတော်သဟာယဖြစ်သော ပြည်ထောင်စုရှေ့နေချုပ်ကိုယ်စား ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ဖြူမာဝေ ကလည်းကောင်း အသီးသီး တင်ပြကြသည်။
လျှောက်လဲချက်ကြားနာခြင်းနှင့်စပ်လျဉ်း၍ ခုံရုံးဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ဃ) အရ အများပြည်သူ သိရှိနိုင် စေရန် Youtube Channel မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ခုံရုံးဆုံးဖြတ်ချက် ချမှတ်မည့်နေ့ရက်ကို ခုံရုံး၏ ကြော်ငြာသင်ပုန်းနှင့် Website တို့တွင် ကြေညာသွားမည်ဖြစ်သည်။