ဥပဒေရေးရာဝန်ကြီးဌာနတွင် ဥပဒေပညာရပ်ဆိုင်ရာလက်တွေ့သင်တန်းတက်ရောက်နေသည့် Nay Pyi Taw State Academy မှ ဥပဒေအထူးပြုကျောင်းသူများနှင့် ကြီးကြပ်သူများ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ လေ့လာရေးခရီးလာရောက်ခြင်း


နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ ၂၂ ရက်
ဥပဒေရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်လျက်ရှိသည့် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်း အမှတ်စဉ် (၁) တွင် တက်ရောက်လျက်ရှိသော Nay Pyi Taw State Academy မှ ကျောင်းသူ ၉ ဦး နှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ကြီးကြပ်သူ ၅ ဦး စုစုပေါင်း ၁၄ ဦးတို့ ပါဝင်သည့်အဖွဲ့သည် ၂၂-၁၀-၂၀၂၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ လေ့လာရေးခရီး လာရောက်ခဲ့သည်။
အဆိုပါလေ့လာရေးအဖွဲ့အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်းက လက်ခံတွေ့ဆုံခဲ့ကာ အမှာစကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး(တရားရေး ဌာန)နှင့် ညွှန်ကြားရေးမှူး(လုပ်ထုံးနှင့်သုတေသနဌာန)တို့က ရုံးဖွဲ့စည်းပုံနှင့် ရုံးလုပ်ငန်းတာဝန်များ၊ ခုံရုံးသို့ အမှုတင်သွင်းလာမှုအပေါ် ဆောင်ရွက်မှုလုပ်ငန်းစဉ်တို့နှင့်စပ်လျဉ်း၍ Power Point များဖြင့် ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြပါသည်။ ထို့နောက် ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းက လေ့လာရေးအဖွဲ့ကိုယ်စား အဖွဲ့ ခေါင်းဆောင်ထံ ခုံရုံးမှထုတ်ဝေခဲ့သည့်စာအုပ်များကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး ၂ ဦး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါလေ့လာရေးအဖွဲ့သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရှိ တရားခွင်ခန်းမ၊ စာကြည့်တိုက်နှင့် မော်ကွန်းပြခန်းများသို့ စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုကြပြီး သက်ဆိုင်ရာ ဌာနတာဝန်ခံများက လှည့်လည်ရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက် လေ့လာရေးအဖွဲ့သည် ညနေ ၄ နာရီ ၂၀ မိနစ် အချိန်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ပြန်လည်ထွက်ခွာသွားကြပါသည်။